မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုကို ယမန်နေ့ည ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စစ်ဆေးခဲ့ပြီး အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

မန်ခိန်ရပ်ကွက်ရှိ ရွှေလိပ်ပြာတည်းခိုခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဧည့်စာရင်းစစ်တဲ့အချိန်ဖမ်းမိတာတဲ့။ ဖုန်းကိုစစ်တဲ့အချိန်မိပြီး ဖမ်းသွားတာတဲ့ တခြားတော့ မကြားဘူး” ဟုပြောသည်။

အမျိုးသားနှစ်ဦးကို ဧည့်စာရင်းစစ်ချိန် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု အခြားသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသည်။

“ဧည့်စာရင်းလိုက်စစ်တဲ့အချိန် ဖမ်းမိသွားတယ်လို့ပြောကြတယ်။ အဝိုင်းပတ်မရောက်ခင်က တည်းခိုခန်းမှာ။ ဖမ်းခံရတာက မနက်ပိုင်းလို့လည်းပြောကြတယ် သေချာတယ် ဖမ်းခံရတာ” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးမှာ KIO အုပ်ချုပ်ရေးအရာရှိနှစ်ဦးဖြစ်သည်ဟု KIA နှင့် နီးစပ်သူတစ်ဦးကပြောဆိုသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အမျိုးသားငါးဦး ဖမ်းဆီးခံရသည်။

မြစ်ကြီးနားမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် (KIO/ KIA) အရာရှိများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိပြီး ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့ကလည်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်တွင် နေထိုင်သည့် (KIO) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် အခြားတပ်ဖွဲ့ဝင်တစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Doi Awng

ပုံ – အခင်းဖြစ်ပွားခဲ့သည့်နေရာ

 

သင့်ထင်မြင်ချက်ရေးပေးပါ