တိုက်ပွဲဖြစ်ပွားခဲ့သည့် မိုးဗြဲမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်အမျိုသားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၆ နာရီခန့်က ဖယ်ခုံမြို့တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။

အသက် ၁၈ နှစ်ခန့်အရွယ်ရှိ စစ်ရှောင်အမျိုးသားမှာ ညာဘက်ရင်ဘတ်တွင် သေနတ်ကျည် ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Karenni Human Right Group (KnHRG) ၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့အုပ်လိုက်ပေါ့နော် မိုးဗြဲကနေ ဖယ်ခုံဘက်ကို စစ်ရှောင်တဲ့အချိန်မှာ စစ်ကောင်စီကနေ လှမ်းပစ်လို့ ရင်ဘက်မှာ ထိပြီးတော့ ဆုံးသွားတာပေါ့နော်။ အခုက စစ်ကောင်စီက မြို့ပြင်ထွက်တာနဲ့ကို လှမ်းပစ်တာလေ အဲ့လိုဖြစ်နေတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင်လည်း မိုးဗြဲမြို့ မြို့ဦးရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်နီတပ်ပေါင်းစုတို့ကြား အခြေအနေတင်းမာနေဆဲဖြစ်ပြီး ဒေသခံပြည်သူများကိုလည်း ကြိုတင်ထွက်ပြေးတိမ်းရှောင်စေလိုကြောင်း မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (MB PDF) ၏ တပ်ရင်းမှူးက ပြောသည်။

“စစ်ကောင်စီကလည်း မြို့မှာနေရာဝင်ယူထားတာဆိုတော့ ဒီနေ့လည်းတိုက်ပွဲဆက်ဖြစ်မှာပဲ။ မြို့မှာ ရပ်ကွက်လည်း များတယ်လေနော် စစ်ရေးအခြေအနေ အကြီးအကျယ်လည်းဖြစ်နိုင်တယ်။ ပြည်သူတွေကလည်း မြို့ထဲမနေဖို့ မြို့ထဲကနေ ရှောင်ပေးဖို့ပေါ့နော် အဲ့တာပြောချင်ပါတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ကြား တိုက်ပွဲပြင်ထန်နေသည့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ကလည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီးစထိမှန်ခဲ့သဖြင့် အသက် ၁၀ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးတစ်ဦး သေဆုံးပြီး နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် ၂၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်သေဆုံးခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မိုးဗြဲမြို့တွင် အိမ်ထောင်စု အရေအတွက် ငါးထောင်ကျော်ရှိပြီး လူဦးရေ သုံးသောင်းခန့် နေထိုင်သည်။

သတင်း – Ma Di
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ