ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ည ၆ နာရီခန့်က ပုပ်ပွနေသည့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေသအခေါ် သရက်ခြံအနီးရှိ လမ်းဘေးချုံအတွင်း အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၃ နှစ်ခန့်အရွယ်ရှိ မမုံစံပြကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းသွားလမ်းလာလုပ်ရင်း ပုပ်စော်တော်တော်နံလာလို့ ချုံတွေရှင်းပြီးသွားကြည့်တာ။ ယင်ကောင်တလူးလူးနဲ့ လူသေအလောင်းဖြစ်နေတယ်။ ဆေးသမားလား ဘာလားတော့မသဲကွဲဘူး” ဟုပြောသည်။

သေဆုံးနေသူနှင့် ပတ်သက်သည့် အချက်အလက်များကို မသိရှိကြောင်းနှင့် သေဆုံးနေသည်မှာ တစ်ပါတ်ခန့် ကြာမြင့်နိုင်ကြောင်း လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အလောင်းကတော်တော်ပုပ်ပွနေပြီ တစ်ကိုယ်လုံးဖောင်းကားပြီးတော့လေ တစ်ခါတည်းသယ်သွားလိုက်တယ်။ မှတ်တမ်းပြုစုပြီးတာနဲ့ မီးသင်္ဂြိုဟ်ပေးလိုက်တယ်” ဟုပြောသည်။

သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိနိုင်ရန်လည်း ရှာဖွေနေကြောင်း သူကပြောသည်။

ဖားကန့်မြို့နယ်တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် ရုပ်အလောင်းများနှင့် ပိုင်ရှင်မဲ့ရုပ်အလောင်းများကို မကြာခဏတွေ့ရတတ်ပြီး ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ကလည်း လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ ဥရုချောင်းအတွင်း ရေစီးနှင့်အတူ မျောပါလာသည့် နှိပ်စက်သတ်ဖြတ်ခံရသည်ဟု ယူဆရသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေ့ရှိခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ