ဆီသယ်ကားနှင့် ဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိသဖြင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ဝိုင်းမော်မြို့နယ်တွင် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရှငေါ်ကျေးရွာအုပ်စု ၅၉ မိုင်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဆိုက်ကယ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“တွဲကားကြီး ဆီသယ်ကားဟုတ်တယ်တိုက်တာ ဆိုင်ကယ်ကချုံထဲကိုလွင့်သွားတာ။ အမျိုးသားက နေရာမှာ သေသွားတယ် ကလေးတစ်နှစ်ကျော်အရွယ်ပါတယ် ကလေးကဘာမှမဖြစ်ဘူး။ ဆိုင်ကယ်ကတော့ အရှေ့ပိုင်း စုတ်ပြတ်သွားပြီ၊ ကားက နာမည်မတပ်ထားဘူး” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၆၂ နှစ်ခန့်အရွယ်ရှိ ဦးအလေးဖူဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သူကပြောသည်။

ဆီသယ်ကား (ဆီဘောက်ဆာ) ယာဉ်မောင်းဖြစ်သူကို ဝိုင်းမော်မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ် ရှငေါ်ကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း ယာဉ်ငယ်တစ်စီးက ဝင်တိုက်ခဲ့သဖြင့် လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးနှစ်ကို သေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ