စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့် ဟားခါးမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ယမန်နေ့က ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။

ဟားခါးနှင့် ထန်တလန်ကြားရှိ သီးမစ်ချောင်းတစ်လျောက်တွင် တိုက်ပွဲဖြစ်ပွားချိန် ချင်းအမျိုးသားတပ်မတော် (CNA) မှ တပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့သည်ဟု CDF – ဟားခါးမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ဘက်က အထိအခိုက်တော်တော်များတာပေါ့နော်။ ပြီးတော့ စစ်ကောင်စီဘက်လည်း အထိအခိုက်တော်တော်များတယ်။ အကျဆုံးတော်တော်များတယ်။ မနေ့က ကျွန်တော်တို့ တော်လှန်ရေးရဲဘော်ဘက် CNA ပေါ့နော်ကျတယ်” ဟုပြောသည်။

ကျဆုံးခဲ့သည့် CNA တပ်ဖွဲ့ဝင်သုံးဦးမှာ ဆလိုင်းငွန်ကျုံးလျန်၊ ဆလိုင်းဆန်ဘွေနှင့် ဆလိုင်းနိုင်မနားထန်းဆိုသူတို့ဖြစ်ကြောင်း သိရသည်။

အင်အား ၃၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့များ ခြေကုတ်ယူထားသော နေရာများသို့ မေလ ၂၇ ရက်နေ့မှစတင်က စစ်ကြောင်းထိုးလာသဖြင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်ဟု CDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခြေအနေက အခုထိတော့ ပြင်းထန်နေတုန်းပဲ။ နှစ်ဖက်အထိအခိုက်ရှိတော့ရှိတယ်။ စစ်ကောင်စီဘက်ကတော့ အထိနာတယ်လို့သိထားတာပဲ။ ကျွန်တော်တို့ဘက်က ရဲဘော်တွေပြောရမှာပေါ့ အဲ့ဘက်က အကျဆုံးရှိတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း ချင်ပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF- Zophie တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း CNA နှင့် CDF တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ