စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်စခန်းတစ်ခု ယနေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်စီးနင်းခံရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းက ရေကန်စုကျေးရွာအနီးရှိ မုံရွာခရိုင် တပ်ရင်း ၂၈ တပ်ခွဲ ၂ စခန်းကို ဝင်ရောက်စီးနင်းချိန် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု မုံရွာခရိုင် တပ်ရင်း (၂၇) Black Dragon ၏ တပ်ရင်းမှူး K.M.S.G က The 74 Media ကိုပြောသည်။

“န.မ.ခ (အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်) ကနေထိုးလာတဲ့စစ်ကြောင်းက ဝင်စီးတာ။ မိန်းကလေးရဲဘော်နှစ်ယောက်က မပြေးဘဲနဲ့ပုန်းနေခဲ့တာဗျ။ ယောက်ျားလေးနှစ်ယောက်ကတော့ ကျည်မှန်ရင်းနဲ့ မပြေးနိုင်ဘဲ ကျန်နေခဲ့တာ အဲ့တာကို သူတို့ကမီးရှို့သွားခဲ့တာ။ မနက်ခင်းတိုင်း ပြေးနေကျဆိုတော့ ပြေးမလို့ဖိနပ်တွေဘာတွေ ပြင်နေတဲ့အချိန်မှာ ဝင်စီးခံလိုက်ရတာပါဗျ” ဟုပြောသည်။

စခန်းဝင်ရောက်စီးနင်းခံရချိန် လက်လုပ်လက်နက်ကြီးနှင့် လက်နက်ငယ်များအပြင် ဆိုင်ကယ်နှင့် ဖုန်းများအပါအဝင် ငွေကျပ် ၃၀၀ ခန့်ဆုံးရှုံးခံခဲ့ရကြောင်း သိရသည်။

ကျဆုံးခဲ့သော ရဲဘော်လေးဦးမှာ အသက် ၁၆ နှစ်ခန့်အရွယ်ရှိ ကျော်သေး (ခ) သေးသေးလေး၊ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဘီအီ၊ အသက် ၁၈ နှစ်ခန့်အရွယ်ရှိ ဇင်ဇင်စိုးနှင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ခင်ရတနာဦးဆိုသူတို့ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့အနီးရှိ မုံရွာခရိုင် တပ်ရင်းအမှတ် ၂၇ တပ်ခွဲတစ်ခုလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက စီးနင်းတိုက်ခိုက်ခံရပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Ma Di

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ