စစ်ကောင်စီစစ်ကြောင်း ၁၁ ရက်ကြာဝင်ရောက်ခဲ့သည့် ကောလင်းမြို့နယ်တွင် ဒေသခံပြည်သူကိုးဦး သတ်ဖြတ်ခံထားသည့် ရုပ်အလောင်းများတွေ့ရှိခဲ့ပြီး ပြည်သူလေးဦးလည်း ပျောက်ဆုံးနေကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိ အင်အား ၈၀ ခန့်ပါရှိသည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၃၆၉) က ဝင်ရောက်ခဲ့သည့် ကောလင်းမြို့နယ် မြင့်ဒူးကျေးရွာအနောက်ဘက်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကောလင်းမြို့နယ် ကာကွယ်ရေးရဲဘော်တစ်ဦးက The 74 Media ကိုပြောသည်။

“အနေအထားတွေကတော့ လက်ပြန်ကြိုးတုတ်ထားပြီး သတ်ခံရတဲ့ပုံစံတွေ့ရတယ်။ လည်ပင်း ဓားနဲ့လှီးပြီး သတ်ထားတဲ့ပုံစံတွေ၊ တချို့ကတော့ နောက်ကျောမှာ ဓားရာတွေရောတွေ့ရတယ်။ နောက်ပြီးတော့ ရုန်းကန်ရင်း ကြိုးပြတ်ပြီးမှ သတ်ထားတာလည်းရှိသလို ပြေးခိုင်းတဲ့အခါသေနတ်ပစ်သတ်သွားတာကိုလည်း တွေ့ရတယ်။ အလောင်းတွေဘေးမှာလည်း သေနတ်ကျည်ခွံတွေ တွေ့တယ်” ဟုပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်း ၁၁ ရက်အတွင်း ကောလင်းမြို့နယ် ကျောက်တန်းကျေးရွာ၊ ခံသာကျေးရွာ၊ ဆင်ကုန်းကျေးရွာ၊ အုန်းမှင်ကျေးရွာနှင့် ကျောက်ပြင်သာကျေးရွာတို့ကို ဝင်ရောက်မွှေနောက်ဖျက်ဆီးခဲ့ပြီး ဝင်ရောက်နေစဉ်အတွင်း ကျောက်တန်းကျေးရွာမှ ဒေသခံပြည်သူနှစ်ဦးလည်း ပစ်သတ်ခံခဲ့ရကြောင်း သူကဆက်ပြောသည်။

“တစ်ယောက်က ကျောက်တန်းကို သူ့အဖေခရီးကပြန်အလာ၊ ကားနဲ့သွားကြိုရင်းနဲ့ သတ်ခံရတာရှိတယ်။ ပြီးတော့ နှစ်ရက်နေ့မှာတော့ လမ်းဘေးမှာတင် တစ်ယောက်ကို ပစ်သတ်သွားတာ။ နောက်ထပ် ဓားစာခံ လေးယောက်ကတော့ မတွေ့သေးဘူး။ ဒီအနေအထားမှာ အသက်ရှင်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ခန့်မှန်းထားတယ်” ဟုပြောသည်။

ဓားစာခံအဖြစ် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားသူ ၁၆ ဦးရှိပြီး ခုနှစ်ဦးကို ရုပ်အလောင်းများ ရရှိထားကာ ငါးဦးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း လေးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

သတ်ဖြတ်ခံခဲ့ရသူ ကိုးဦးမှာ အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဦးသန်းထိုက်၊ အသက် ၂၇ နှစ်ခန့်အရွယ်ရှိ ဦးအောင်နေလင်း၊ ဦးဝင်ဗိုလ်၊ ဦးဆန်းဦး၊ ဦးဝင်းနိုင်၊ ဦးဇော်မင်း၊ ဦးဇော်ဦးနှင့် မိုမိုဆိုသူတို့ဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် မေလ ၅ ရက်နေ့က ကောလင်းမြို့နယ်မှ ပြန်လည်ထွက်ခွာစဉ် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် တောင်ပလူကျေးရွာနှင့် ချောင်းကွေ့ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“‌သူတို့က နေရာမှားပစ်တာလားမသိဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက တခြားနေရာမှာ တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘဲ နေရာမှားပစ်တာထင်တယ်။ ကျွန်တော်တို့ဘက်ကနေပဲ ဝဲသွားတာ အဲ့ညကနွားနဲ့ နေအိမ်တွေ ပျက်စီးသွားတယ်” ဟုပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် နွားဆယ်ကောင်ထက်မနည်း သေဆုံးခဲ့ပြီး ချောင်းကွေ့ကျေးရွာမှ နေအိမ်လေးလုံးနှင့် တောင်ပလူကျေးရွာမှ စာသင်ကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကလည်း ကောလင်းမြို့နယ် အောက်သီတရာကျေးရွာတွင် စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ကောလင်းမြို့နယ်တွင် အိမ်ထောင်စု သုံးသောင်းကျော်ရှိပြီး လူဦးရေ တစ်သိန်း‌ကျော်ခန့် နေထိုင်သည်။

သတင်း – Ma Di

ဓါတ်ပုံ – Kawlin Revolution – KR

 

သင့်ထင်မြင်ချက်ရေးပေးပါ