ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ဌာနဆိုင်ရာရုံးနှစ်ခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)ပူးပေါင်းတပ်ဖွဲ့က နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။

မြို့နယ်လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန (လ.ဝ.က) ရုံးနှင့် ဇမိခန်းမတို့ကို ၈၁ မမ ဗုံးသီးများအသုံးပြုကာ ဇွန်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် သွားရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Cloud Wings ဒရုန်းအဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က ဇွန် ၂ ရက်နေ့အထိ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီနေရာတွေကို တောက်လျှောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စကစကောင်တွေက သတ္တိရှိရင် ဆိပ်ကြီးထပ်လာခဲ့ဆိုလို့ အခုလိုလက်ဆောင်သွားပေးလိုက်တာပါ။ သူတို့လည်း အခုတော့ အသံနည်းနည်းငြိမ်သွားပါပြီ” ဟုပြောသည်။

ဒရုန်းဖြင့် သွားရောက်ပစ်ခတ်မှုကြောင့် ရုံးနှင့် ခန်းမအဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။

Cloud Wings ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ဖွဲ့ဝင်တွေနှင့် SOF တပ်ဖွဲ့တို့ပူးပေါင်းကာ မေလ ၂၇ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ စစ်ကောင်စီခြေလျင်တပ်ရင်း ခ.လ.ရ ၂၈၄ ဌာနချုပ်၊ မြို့နယ်ရဲစခန်း၊ ရဲဝန်ထမ်းလိုင်းခန်း၊ မြို့နယ်ရဲမှူးနေအိမ်၊ မြို့နယ်တရားရုံးနှင့် တရားသူကြီးနေအိမ်များကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးအဖွဲ့များပြောသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိသည့်စာရင်းကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဌာနဆိုင်ရာရုံးလေးခုကို တစ်ချိန်တည်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ