စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာခိုင်နှုန်းတွင် ကချင်ပြည်နယ်က ဒုတိယရပ်တည်ခဲ့သည်။

ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၉၅၀၀ ကျော်ရှိသည့်အနက် ၇၄.၃ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်ဖြစ်ရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကွေးတိုင်း၏ နောက်တွင်ရှိခဲ့သည်။

ယခင်နှစ်က ဘာသာစုံဂုဏ်ထူးထွက်ခဲ့သူမရှိသည့် ကချင်ပြည်နယ်တွင် ယခုနှစ်အတွင်း ဘာသာစုံဂုဏ်ထူးထွက်သူ ရှစ်ဦးရှိပြီး ငါးဘာသာဂုဏ်ထူးထွက်သူ ၆၀ ဦးရှိသည့်အပြင် ဂုဏ်ထူးထွက်ရှိသူဦးရေ ယခင်ပညာသင်နှစ်များထက် များစွာတိုးလာသည်ကို တွေ့ရသည်။

ထူးခြားချက်အနေဖြင့် ယခင်ပညာသင်နှစ်များတွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ တစ်ဦး၊ နှစ်ဦးသာရှိခဲ့သည့် ခေါင်လန်ဖူးမြို့နယ်တွင် အောင်မြင်သူ ၁၆ ဦးရှိခဲ့သည်သာမက တစ်ဘာသာမှ နှစ်ဘာသာအထိ ဂုဏ်ထူးပါဝင်သူ ငါးဦးရှိသည်။

ခေါင်လန်ဖူးမြို့နယ်တွင် ယခင်နှစ်များအတွင်းအောင်ချက်နည်းခဲ့သော်လည်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၉ ဦးရှိသော်လည်း ၅ ဦးဂုဏ်ထူးထွက်ခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်သည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကိုးနှစ်တာကာလအတွင်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူ သုံးဦးသာရှိခဲ့သည့် မြို့နယ်ဖြစ်သည်။

ပူတာအိုခရိုင်တွင်းရှိ အခြားမြို့နယ်တစ်ခုဖြစ်သည့် နောင်မွန်မြို့တွင်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းတွင် အောင်မြင်သူ ၃၀ ဦးရှိခဲ့ရာ ၁၃ ဦး ဂုဏ်ထူးပါဝင်သည်။

ဆွမ်ပရာဘွမ်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၅ ဦးက ပူတာအိုစာစစ်ဌာနတွင် သွားရောက်ဖြေဆိုခဲ့ပြီး ၁၂ ဦးအောင်မြင်ခဲ့ကာ အင်းဂျန်ယန်မြို့နယ်မှ ကျောင်းသား ၆ ဦးမှာလည်း မြစ်ကြီးနားစာစစ်ဌာနတွင် သွားရောက်ဖြေဆိုခဲ့ရကာ နှစ်ဦးအောင်မြင်ခဲ့ကြောင်း နီးစပ်သူတစ်ဦးထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇.၈၇ ရှိခဲ့ပြီး မကွေးတိုင်းက အောင်ချက်ရာခိုင်နှုန်း ၇၅.၀၄ ဖြင့် အောင်ချက်အကောင်းဆုံးနေရာတွင် ရပ်တည်ခဲ့ပြီး မန္တလေးတိုင်းက အောင်ချက် ၇၂.၅၈ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသူဦးရေ ၁၁၄၈၃ ဦး ရှိသည့်အနက် အောင်မြင်သူဦးရေ ၅၃၂၅ ဦး ရှိကာ အောင်ချက် ၄၆ ဒသမ ၃၇ ရာခိုင်နှုန်းရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ