ကွတ်ခိုင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ (၄) လက်အောက်ခံတပ်ရင်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ခုတောင်မှ ကွတ်ခိုင်က လက်နက်ကြီးပစ်ပေးနေတာ။ အခုပစ်နေတော့ အေးရှားဝေါ (ကွတ်ခိုင်မြို့အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်) ကပိတ်ထားတယ်။ အခုငြိမ်ရင်တော့ ပြန်ဖွင့်ပေးမယ်ထင်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ကူခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ကြဖြစ်ကြပြီဆိုရင် ကွတ်ခိုင်မြို့အထဲကနေ လက်နက်ကြီးက အမြဲပစ်ကြတယ်။ သူတို့ချင်းက နည်းနည်းလေးသွားစလိုက်ပြီး စစ်တပ်က ပတ်ပတ်လည်ဒီလိုပဲ လက်နက်ကြီးနဲ့ ပစ်တာအမြဲရှိတယ်။ ပစ်တဲ့နေရာကတစ်နေရာ လက်နက်ကြီးကတစ်နေရာပစ်တော့ ကျွန်တော်တို့ပြည်သူတွေက အရမ်းစိတ်ပူနေရတယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ညီနောင်မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် MNDAA နှင့် TNLA တပ်က ပူးပေါင်းပါဝင်သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကိုလည်း ဇွန်လ ၅ ရက်နေ့က MNDAA တပ်ဖွဲ့က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Nan Non

 

 

သင့်ထင်မြင်ချက်ရေးပေးပါ