ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ယနေ့ နေ့လယ် ၁ နာရီခန့်က အသတ်ခံခဲ့ရကြောင်း သိရသည်။

ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးက နေအိမ်မှလာရောက်ခေါ်ဆောင်သွားပြီးနောက် လုံးခင်းသုဿာန်အရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အခုနလေးတင်ကမှ ဆိုင်ကယ်နဲ့ခေါ်သွားတာတဲ့ နှစ်ယောက် သင်္ချိုင်းရှေ့မှာပဲ သတ်သွားတာ။ သင်္ချိုင်းကုန်းရှေ့ လူတစ်ယောက်သေနတ်ဒဏ်ရာနဲ့ လှဲနေတယ်ဆိုတော့ ကြည့်လိုက်တော့ ဦးကျော်ဆွေဖြစ်နေတာ။ ဘယ်လိုပြောလို့ ပြောရမှန်းတောင်မသိဘူး” ဟုပြောသည်။

အသတ်ခံခဲ့ရသူမှာ အသက် ၅၅ နှစ်ခန့်အရွယ်ရှိ ဦးကျော်ဆွေဆိုသူဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက လာရောက်ပစ်သတ်သွာသည်ကို မသိရှိရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သင်္ချိုင်းကုန်းမှာ ခွေခွေလေးသေနေလို့ လှန်ကြည့်လိုက်တော့ သူဖြစ်နေတာ။ စုံစမ်းနေတုန်းပဲ ရှိသေးတယ်၊ ဘယ်အဖွဲ့အစည်းကမှန်း မသိဘူး။ သူကအဟောင်းတော့ အဟောင်းပေါ့ နှစ်ဖက်လုံးကြားမှာ ညှိနှိုင်းပြီးလုပ်ပေးနေတာပေါ့” ဟုပြောသည်။

ဦးကျော်ဆွေမှာ သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခံခဲ့ရပြီး ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ရုပ်အလောင်းကို နေအိမ်သို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း လုံးခင်းရပ်ကွက် (၅) တွင်နေထိုင်သည့် အသက် ၄၂ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“ဒဏ်ရာကပြင်းလွန်တော့ ပွဲချင်းပြီးဆုံးသွားတယ်။ အလောင်းကိုတော့သူရဲ့မိသားစုဝင်နဲ့ နာရေးကူညီရေးအဖွဲ့တွေလာယူသွားကြပြီး အခုသူ့အိမ်မှာပို့ထားတယ်။ ဖားကန့်က ဒီပုံစံအတိုင်းသာဆို မလွယ်တော့ဘူး” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံရသည့် ရုပ်အလောင်းတွေ့ရှိမှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပွားလျက်ရှိပြီး ဇွန်လ (၇) ရက်နေ့ နံနက်ကလည်း ရိုက်နက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦးအလောင်းကို ဆိပ်မူကျေးရွာအုပ်စုတွင် တွေ့ရှိခဲ့သည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကလည်း မှော်ဝမ်းရပ်ကွက်တွင် အမျိုးသားတစ်ဦးကို ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ လည်ပင်တွင် ထုတ်ချင်းပေါက်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Nan Non, SK

 

သင့်ထင်မြင်ချက်ရေးပေးပါ