စစ်ကောင်စီစစ်ဘက်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်မှ သင်းထောက်ဆရာတစ်ဦး လေးရက်ကြာသည်အထိ ပြန်မလွတ်သေးကြောင်း သိရသည်။
မြို့သစ်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှခေါ်သဖြင့် ဇွန်လ ၆ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရုံးသို့သွားချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ လက်ရှိအချိန်ထိ အဆက်အသွယ်တစ်စုံတစ်ရာ မရရှိသေးကြောင်း မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်သားတွေကလည်း အသေးစိတ်မသိနေဘူး။ အခုထိဘာမှမသိဘူး ဘယ်ကိုခေါ်သွားတယ်ဆိုတာ ဘာအကြောင်းအရာဆိုတာလည်း မသိဘူး။ ရုံးမှာခေါ်လို့သွားလိုက်တာပဲသိတာ။ အုပ်ချုပ်ရေးမှူးရုံးကို မေးရင်လည်း သူတို့လည်း ကောင်းကောင်းမသိဘူး အဲ့လိုပဲပြောတယ်။ သူ့အလုပ်ပဲသူလုပ်တာ ဘာမှအမှားလည်း မလုပ်ထားပါဘူး” ဟုပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးဇခုန်မောရှေဆိုသူမှာ ဂျန်မိုင်းကောင်းရပ်ကွက် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် သင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး နယ်မြေမှူးလည်းဖြစ်ကြောင်း အမှုတော်ဆောင်ဆရာတစ်ဦးကပြောသည်။

“ဘာလို့ခေါ်သွားတယ်ဆိုတာမသိရဘူး စုံစမ်းရင်လည်းမရဘူး။ မြို့သစ်ကြီးရုံးကနေ မေးစရာရှိလို့ဆိုပြီး ခဏခေါ်သွားတယ်တဲ့ သူကလည်း ရပ်ကွက်လူကြီးပဲဆိုတော့လေ။ ရုံးဘက်ကလူတွေကလည်း ဘာမှမသိရသေးဘူးလို့ပြောတယ်တဲ့” ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံ(တောင်) နယ်မြေရှိ Butterfly တည်းခိုခန်းတွင် စစ်ကောင်စီတပ်က ဧည့်စာရင်းဝင်ရောက်စစ်ဆေးချိန် KIO အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Ma Di

သင့်ထင်မြင်ချက်ရေးပေးပါ