စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယနေ့ နေ့လယ် ၁ နာရီခန့်က ကလေးမြို့နယ်မှ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ – ကလေး) က ရမ်းသမ်းပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ရှောင်အမျိုးသမီးတစ်ဦး ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ပထမထုတဲ့ဟာ ဘယ်သူမှအထိအခိုက်မရှိဘူး။ ဒုတိယထုတဲ့ဟာကျတော့ စစ်ရှောင်တဲတွေပေါ်မှာ ကျသွားတယ်။ အမျိုးသားတစ်ဦး ခြေထောက်ထိခိုက်ဒဏ်ရာရတယ်။ အမျိုးသမီးကြီးကတော့ ဗိုက်ပွင့်သွားတဲ့ဥစ္စာကို ဆေးခန်းပေါ့အမြန်ဆုံးတော့ သယ်သွားတယ် မမှီလိုက်တော့ဘူး ဆုံးသွားတယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၃၄ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒကစထုတဲ့ အလုံးနှစ်လုံး ရေလဲဦးရွာကိုကျတာ နောက်အလုံးနဲ့ထိတာ။ ရေလဲဦးပြည်သူနှစ်ယောက် တစ်ဦးကဗိုက်ပွင့် ပွဲချင်းပြီးဆုံးတာ” ဟုပြောသည်။

ကလေးမြို့နယ်မြောက်ပိုင်း ရှုခင်းသာကျေးရွာအနီးတွင်လည်း ယမန်နေ့ နံနက်က စစ်ကောင်စီတပ်က Mi 35 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် သုံးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် (ပ.အ.ဖ) များအပါအဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကလေးတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် ဒေသခံပြည်သူ ၁၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

သတင်း – Nan Non
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ