မြစ်ကြီးနားမြို့၊ အောင်နန်းရိပ်သာရပ်ကွက်ရှိ မြန်မာ့မီးရထား မြစ်ကြီးနားဘူတာဝင်းအတွင်း နေထိုင်သည့် ဝန်ထမ်းဟောင်းများကို ကျူးကျော်နေထိုင်သူများအဖြစ်သတ်မှတ်ပြီး အမြန်ဆုံးထွက်ခွာခိုင်းနေသဖြင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

ပင်စင်စားဝန်ထမ်းဟောင်းများအတွက်ဟု သတ်မှတ်ပေးသည့် မြေနေရာတွင် ကိုယ်တိုင် နေအိမ်ဆောက်လုပ်ကာ နေထိုင်းခဲ့ပြီး လက်ရှိအချိန်တွင် အတင်းအကြပ်ပြောင်းရွှေ့ခိုင်းနေခြင်းဖြစ်သည်ဟု မီးရထားဝင်းအတွင်း နေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျူးကျော်တွေကို ဖယ်ခိုင်းတာ၊ ပင်စင်စားတွေ။ အဖေကဝန်ထမ်း ဆုံးသွားတော့ ပင်စင်စားပြီးနေတာ။ ရှင်းရှင်းပြောရမယ်ဆိုရင် ဝန်ထမ်းမရှိတော့တဲ့သူတွေ အားလုံးဖယ်ရတာ။ အလုပ်ကလူကြီးက မြေနေရာပေးတာ အဲ့ဒါကို ကိုယ့်ဟာနဲ့ကိုယ် အိမ်ဆောက်ပြီးနေတာ။ ငယ်ငယ်ကတည်းကနေလာတာ မမွေးခင်းကတည်းက နေလာတာလို့ပြောလို့ရတယ်” ဟုပြောသည်။

ရွှေ့ပြောင်းရမည့်သူများတွင် CDM ဝန်ထမ်းများ၊ နေအိမ်ငှားရမ်းနေထိုင်သူများပါ ပါဝင်နေပြီး မီးရထားဝင်းအတွင်း နှစ်ပေါင်း ၂၀ ကျော်ကြာနေထိုင်လာသူအနေဖြင့် လက်ရှိအချိန်တွင် အခြားနေရာသို့ ပြောင်းရွှေ့ရန် အခက်အခဲ များစွာကြုံနေရကြောင်း သူကဆက်ပြောသည်။

“လိုင်းထဲက CDM တွေဖယ်ခိုင်းပြီး ကျန်နေတဲ့ အိမ်ငှါးတွေရယ်ဖယ်ရတာ။ ဘယ်လိုတတ်နိုင်မှာလဲ အခုထိ ဘယ်သွားလို့သွားရမလဲ မသိသေးဘူး။ ပစ္စည်းတွေလည်း ဘယ်မှာထားရမလဲ မသိဘူး။ လောလောဆယ်တော့ အိမ်ငှားလိုက်ရှာနေတယ်” ဟုသူကပြောသည်။

နေအိမ်ငှားရမ်းနေထိုင်ခြင်းဆိုသည်မှာ မီးရထားဝန်ထမ်းဖြစ်သူက ရရှိထားသော လိုင်းခန်းကို အခြားသူထံ ထပ်မံအငှားချထားပေးခြင်းဖြစ်သည်။

လာမည့် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာရမည်ဖြစ်ပြီး အချိန်တိုအတွင်း ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် အခက်အခဲကြုံနေရကြောင်း မီးရထားဝင်းအတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကပြောသည်။

“တချို့ကျတော့ အိမ်ရှာမရဖြစ်နေကြတာ။ ရက်ကလည်း နီးလာပြီ၊ မိသားစု တပွေ့တပိုက်နဲ့ အိမ်ငှါးရှာမရ၊ အထုပ်အထည်တွေ ဘယ်နားထားရမလဲ အခုထိပူနေကြတာ။ အဲ့ဒီလိုဟာတွေ များနေတယ်” ဟုပြောသည်။

မြစ်ကြီးနားဘူတာ တောင်ဘက်နှင့် မြောက်ဘက်ရှိ ၆၁ ဧက ကျယ်ဝန်းသည့်မြေနေရာတွင် နေထိုင်သူများကို ကျူးကျော်အဖြစ်သတ်မှတ်ကာ ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထား ဖယ်ရှားရန်နှင့် ဖယ်ရှားခြင်းမရှိပါက ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနဲ့အညီ အနိုင်အထက်ပြုမူ ဖယ်ရှားသွားမည်ဟု စစ်ကောင်စီက ယခုလ ၁ ရက်နေ့က စာထုတ်ပြန် ကြေငြာခဲ့သည်။

မြန်မာ့မီးရထား စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာနမှ CDM ဝန်ထမ်းများကိုလည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဝန်ထမ်းလိုင်းခန်းမှ အမြန်ဆုံးဖယ်ရှားရန် ဖိအားပေးခဲ့ပြီး နိုဝင်ဘာလတွင်လည်း ကျူးကျော်နေအိမ်များကို ပြောင်းရွှေ့ရန် နို့တစ်စာပေးပို့ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား မြန်မာ့မီးရထားဌာနတွင် ပို့ဆောင်ရေး၊ မြို့ပြအင်ဂျင်နီယာနှင့် စက်မှုဌာနဟုသုံးခုရှိပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၈ ရက်နေ့မှစ၍ စစ်မှုဌာနမှ ဝန်ထမ်းစုစုပေါင်း ၄၄ ဦး CDM ပြုလုပ်ခဲ့ကြသည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ