လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီခန့် ဖားကန့်မြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ယမန်နေ့က တာဝန်မှနှုတ်ထွက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ အသတ်ခံနေရခြင်းကြောင့် တာဝန်မှနှုတ်ထွက်ရခြင်းဖြစ်သည်ဟု မြို့မရပ်ကွက်နေ အသက် ၄၆ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တစ်နေ့ကဖြစ်သွားတဲ့ဖြစ်စဥ်ကြောင့်လို့ ပြောရမယ် အုပ်ချုပ်ရေးမှူးလုပ်လို့ မင်းအသက် ငါအာမခံပေးမယ်ဆိုတဲ့သူရှိလည်း အသတ်ခံနေရတာပဲလေ။ ဘယ်သူမှအုပ်ချုပ်ရေးမှူးမလုပ်ရဲကြတော့ဘူး။ ကျေးရွာရဲ့ရပ်မိရပ်ဖ လောက်ပဲရှိတော့တယ်” ဟုပြောသည်။

မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးဌေး (ခ) ဦးမောင်ကြီးက ကျန်းမာရေးအခြေအနေကြောင့်ဟုဆိုကာ ယမန်နေ့နေ့စွဲဖြင့် ရာထူးမှနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ နှုတ်ထွက်ခြင်းမှာ ကိုယ်လွတ်ရုန်းလိုသောကြောင့်ဖြစ်ကြောင်း ဦးမောင်ကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုလိုနှုတ်ထွက်ရခြင်းဟာ ကိုယ်လွတ်ရုန်း လိုက်ခြင်းသာဖြစ်တယ်” ဟုပြောသည်။

ဦးမျိုးဌေး(ခ) ဦးမောင်ကြီးမှာ ၂၀၁၉ ခုနှစ်မှစတင်ကာ ဖားကန့်မြို့ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခင်က ရပ်ကွက်အတွင်းမှ သာရေးနာရေးကိစ္စများတွင် အမြဲပါဝင်ကူညီပေးခဲ့သည့် ရပ်မိရပ်ဖတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်ချုပ်မှူး ဦးကျော်ဆွေဆိုသူကို ဇွန်လ ၉ ရက်နေ့က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးက နေအိမ်မှ လာရောက်ခေါ်ယူသွားပြီး လုံးခင်းသုဿန်အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ