မြစ်ကြီးနားမြို့ နောင်းနန်းကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က အိမ်စီးကားတစ်စီးခိုးယူခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဆယ်မိုင်ကျေးရွာတွင် မိသားစုဝင်များ ဘုရားကျောင်းသွားနေချိန် နေအိမ်ဖောက်ထွင်းခံရပြီး HONDA FIT အမျိုးအစားကားတစ်စီး ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု ကားပိုင်ရှင်အမျိုးသမီးက The 74 Media ကိုပြောသည်။

“အိမ်မှာသားနှစ်ယောက်ပဲရှိတယ် သားတွေက ဘုရားကျောင်းသွားနေတဲ့အချိန်မှာဖြစ်သွားတာ။ အိမ်ဘေးက ကလေးတစ်ယောက် မြင်လိုက်တာတဲ့။ ကားကအနောက်မီးညာဘက်နားမှာ နည်းနည်းလေးပွန်းပဲ့ရာပါတယ်။ လိုင်စင်ကားတော့ မဟုတ်ဘူး။ တခြားပစ္စည်းတွေပါသွားတာတော့ မတွေ့ရဘူး” ဟုပြောသည်။

ကားခိုးယူသွားသည့် အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး အိမ်သော့ဖျက်ကာ ကားမောင်းယူသွားခြင်းဖြစ်ကြောင်း ကားခိုးယူခံရသည့် နေအိမ်အနီးတွင်နေထိုင်သူ လူငယ်တစ်ဦးက ပြောသည်။

“တစ်ယောက်က အရပ်မြင့်မြင့်ပိန်ပိန်ပါးပါး ဆံပင်ချည်ထားတယ်။ တစ်ယောက်က ဝဝတုတ်တုတ် ကတုံးဟုတ်တယ်။ မီးဖိုချောင်မှာက ဆိုင်ကယ်ရှိတယ်။ အစကအဲ့တာကိုအရင်ခိုးဖို့လုပ်တာနေမှာ သော့ကဖွင့်မရတော့ အိမ်ကိုပြန်ဖောက်တာ” ဟုပြောသည်။

ခိုးယူခံခဲ့ရသည့် ကားမှာ၂၀၀၅ ခုနှစ်ထုတ် ခဲရောင် HONDA FIT အမျိုးအစားကားဖြစ်ပြီး အမှတ် (၃) ပ.လ.န နယ်မြေရဲစခန်းတွင် တိုင်ကြားထားကာ တွေ့ရှိပါက ၀၉၄၂၈၁၁၁၈၉၀ သို့ ဆက်သွယ်အကြောင်းကြားပေးစေလိုကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ခေမာသီဝံဘုန်းကြီးကျောင်းရှေ့တွင် ရပ်ထားသည့် တုန်ဟုန်းကားတစ်စီး ခိုးယူခံခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ကားပိုင်ရှင်

 

သင့်ထင်မြင်ချက်ရေးပေးပါ