ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ည ၉ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီခြေမြန်တပ် ခ.မ.ရ (၄၅) တပ်ကို KIA ကသွားရောက်ပစ်ခတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဗျူဟာကိုသွားပစ်တာ စစ်တပ်ဝန်းကို သွားပစ်တာပေါ့။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်တယ်၊ တောက်လျှောက်ပစ်တယ်။ အရင်ကဆိုရင်ဖြစ်တာနဲ့ပစ်ပြီး ငြိမ်သွားတယ်။ မနေ့ကတော့ နာရီဝက်ခြားတစ်ခါပြန်ပစ်တယ်။ ၁၂ နာရီလောက်အထိ ပစ်တယ်” ဟုပြောသည်။

ယမန်နေ့ည အစောပိုင်းကလည်း လွယ်ဆိုင်ကုန်း (Loi seng kawng) တွင် စစ်ကောင်စီတပ်နှင့် KIA တို့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့အစပိုင်းက လွယ်ဆိုင်ကောင်မှာအရင်ပစ်ကြပြီး တော်တော်လေးကြာအောင်ပစ်ကြပြီးမှ အဲ့ဒီနောက်တော့ ဒီဘက်စစ်တပ်ထဲကို အိမ်နဲ့တောင်နီးနီးလေးပဲ မြည်နေတယ်။ နှစ်နေရာမှာ ဖြစ်တာပေါ့။ နှစ်နေရာလုံးကွက်ခိုင်မှာပဲ။ သူတို့သွားပစ်တာက ဟိုးစစ်တပ်အထဲကို သွားပစ်တာပေါ့။ လက်နက်ကြီးတွေလည်း တအားပစ်ကြတယ်” ဟုပြောသည်။

ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာနှင့် နောင်ဆွေကျေးရွာကြားတွင် ဇွန်လ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ