စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ယမန်နေ့ နံနက် ၈ နာရီခန့်က မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်လေးဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ ပွဲကုန်း ၃ တွင် ရှစ်နာရီခန့်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၁၀၀ ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေးဦးကျဆုံးခဲ့သည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၏ တပ်ရင်းမှူး ဗိုလ်ကျောက်ဆောင်က The 74 Media ကိုပြောသည်။

“တစ်နေကုန် ချေမှုန်းရေးဝင်တော့ လက်နက်ကြီးတွေအဆမတန်ပစ်တော့ ကျွန်တော်တို့ဘက်က ရဲဘော်တွေ ထိတယ်ပေါ့နော်။ မိုးဗြဲမြို့နယ်အခြေအနေကတော့ ဆက်လက်ပြင်းထန်ဖို့ပဲရှိမှာ။ သူတို့ရှိနေသေးသရွေ့ကတော့ ကျွန်တော်တို့ဘက်က တိုက်ထုတ်နေမှာပဲ။ မနေ့ညက စခန်းမရလိုက်ဘူး လက်နက်ကြီးက တအားပစ်ကူတော့ မသိမ်းလိုက်ရဘူး” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် ဖယ်ခုံမြို့နှင့် လွိုင်ကော်မြို့ရှိ နေရာလေးခုခန့်မှ လက်နက်ကြီးများ ပစ်ကူခဲ့ပြီး တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သူကပြောသည်။

လက်ရှိပွဲကုန်း ၃ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ထက်မနည်း ဝင်ရောက်တပ်စွဲထားပြီး မိုးဗြဲမြို့ပေါ်ရှိ နေရာ ခုနှစ်ခုတွင် အင်အား ၃၀၀ ခန့်လည်း ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် လင်္ကာရဘုန်းကြီးကျောင်း၊ လယ်တီကျောင်းနှင့် အခြားနေရာများတွင် ပိတ်မိနေသည့် ပြည်သူ ၁၉ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီး ၁၁ ဦး၏ ရုပ်အလောင်းသာ ပြန်လည်ရရှိကာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်ခဲ့ပါ။

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအနီးတွင်လည်း ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့သည်။

သတင်း – Ma Di

ဓါတ်ပုံ – UKSY

 

သင့်ထင်မြင်ချက်ရေးပေးပါ