ချီဖွေမြို့နယ်တွင် မြေရှားသတ္တုတူးဖော်နေသည့် စီမံကိန်းများကိုကန့်ကွက်လျှင် ဖမ်းဆီးထောင်ချမည်ဟု ကချင်လွတ်မြောက်ရေးတပ် (KIA) က ဒေသခံပြည်သူများကို ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
KIA တပ်မဟာ (၇) တပ်ရင်း (၃၂) နှင့် (၃၃) က လွန်ခဲ့သည့် မေလမှစတင်ကာ ဖရဲကျေးရွာတွင် မြေရှားသတ္တုစမ်းသပ်တူးဖော်ရေးပြုလုပ်နေမှုများကို ဆန့်ကျင်ကန့်ကွက်သူများကို ထောင်ချမည်ဖြစ်ကြောင်းပြောသည်ဟု ဖရဲဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ကတော့ KIA အရာရှိတွေ ဒေသခံတွေကန့်ကွက်တာကို နားထောင်သေးတယ်၊ အခုကဖရဲကျေးရွာမှာ လုပ်လာတာကို ကန့်ကွက်ရင် ခြိမ်းခြောက်တယ်။ ဗဟိုကအမိန့်ဟုတ်တယ်ဆိုပြီးပြောတယ်။ ကျွန်တော်တို့က ဘာလုပ်ရမလဲတောင်မသိတော့ဘူး။ ဒီမှာက ကချင်စကားလည်းသိပ်မပြောတတ်ဘူး တောင်ပေါ်ဒေသဆိုတော့ ကြောက်ပဲကြောက်နေရတယ်” ဟုပြောသည်။

ကန့်ကွက်သည့် ဒေသခံပြည်သူများကို အမျိုးသားနှင့် အမျိုးသမီးခွဲကာ မြို့နယ်ရုံးရှိ အကျဉ်းထောင်နှင့် တပ်ရင်းအတွင်းရှိ အကျဉ်းထောင်များတွင် အကျဉ်းချမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းနှင့် အဆိုပါနေရာသုံးခုတွင် အကျဉ်းထောင် ခုနှစ်ခုတိုးချဲ့ဆောက်လုပ်ထားကြောင်း ဒေသခံများထံက သိရသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်မှ စတင်ကာ ဖရဲကျေးရွာအနီးရှိ ရှီထီးဖူးနှင့် ချန်းမောခူးဒေသတို့တွင် မြေရှားသတ္တု တူးဖော်နေပြီဖြစ်သော်လည်း ဖရဲကျေးရွာ၏ အထက်နှစ်မိုင်ခန့်အကွာတွင် ပြီးခဲ့သည့် မေလမှစတင်ကာ မြေရှားသတ္တုစမ်းသပ်တူးဖော်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“မြေရှားတူးဖော်နေတာက “ဝ” ကုမ္ပဏီနဲ့ (KIO) အစိုးရတွေ ပူးပေါင်းပြီးတူးနေတာဟုတ်တယ်။ ကန့်ကွက်ရင် ဖမ်းဆီးမယ်ဆိုပြီး ခြိမ်းခြောက်တယ် သူတို့ကလက်နက်နဲ့ဆိုတော့ ဘာမှလုပ်လို့မရဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့က အဆိုပါစမ်းသပ်တူးဖော်ရေးပြုလုပ်နေသည့် နေရာကို ဒေသခံလူငယ်သုံးဦးက သွားရောက်ကြည့်ရှုရာ ထိုညတွင် KIA တပ်ဖွဲ့ဝင်များက နေအိမ်မှလာရောက်ဖမ်းဆီးသွားပြီး သုံးရက်ခန့်ကြာပြီးနောက် ပြန်လွတ်လာကြောင်း ဖရဲဒေသခံအမျိုးသားက ဆက်ပြောသည်။

“ကန့်ကွက်တာကိုမဟုတ်ဘူး စမ်းသပ်နေတာသွားကြည့်တာတောင်ဖမ်းနေပြီ။ အိမ်မှာဆိုတော့ ခြိမ်းခြောက်ပြီး ဝင်တာတော့မဟုတ်ဘူး။ ခေါ်ပြီးအိမ်ပြင်ရောက်ရင် တပ်ရင်း (၃၂) ကိုခေါ်သွားတာဟုတ်တယ်။ ရွာလူကြီးနဲ့ လူငယ်တစ်ဦး သွားတောင်းပန်တော့‌ ပြန်လွှတ်ပေးတာ သူတို့က စစ်အာဏာရှင်လိုလုပ်နေပြီ” ဟုပြောသည်။

ယခင်နှစ်များတွင်မြေရှားသတ္တုတူးဖော်ပြီး ကျေးရွာဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်ပေးမည်ဟု KIO အစိုးရက ပြောသော်လည်း တစ်စုံတစ်ရာလုပ်ဆောင်ပေးသည်ကို မတွေ့ရှိရသည့်အပြင် ရှိနေပြီးသောကားလမ်းများပါ ပျက်စီးသွားသည်ဟု သူကပြောသည်။

ကျေးရွာအတွင်းရှိ ဘာသာရေးဆရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မြေရှားသတ္တုတူးဖော်ရေးကို ကန့်ကွက်ကြောင်းစာများ KIO ဗဟိုအစိုးရထံ ဧပြီလတွင် နှစ်ကြိမ်ပေးပို့ခဲ့သော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တာဝန်ယူဖြေရှင်းပေးခြင်းမရှိဘဲ ဗဟိုအမိန့်ဖြင့် တူးဖော်နေခြင်းဖြစ်သည်ဟု တပ်မဟာ (၇) တပ်မဟာမှူးက တုံ့ပြန်ပြောဆိုခဲ့ကြောင်း ဒေသခံလူငယ်က ဆက်ပြောသည်။

“ကန့်ကွက်စာတင်တာက အခုမှမဟုတ်ဘူး အရင်ကလည်းအများကြီးတင်ပြီ တင်တာများတော့ မမှတ်မိတော့ဘူး။ အခုနှစ် လူငယ်တွေဦးဆောင်ပြီး ကန့်ကွက်စာတင်တာကနှစ်ကြိမ်ရှိပြီ။ အခုက ညတွေဆို စစ်သားတွေ လမ်းပေါ်မှာ စောင့်ကြည့်နေတော့ဒေသခံတွေသွားလာရတာတောင် အဆင်မပြေဘူး” ဟုပြောသည်။

လက်ရှိမြေရှားသတ္တုစမ်းသပ်တူးဖော်ရေးပြုလုပ်နေသည့် ချီဖွေမြို့နယ် ဖရဲကျေးရွာတွင် လူဦးရေ တစ်ထောင်ကျော်ခန့်နေထိုင်ပြီး အများစုက အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသည်။

ကမ္ဘာ့နိုင်ငံများတွင် မြန်မာနိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုတတိယအများဆုံးနိုင်ငံဖြစ်ပြီး အဆိုပါသတ္တုတူးဖော်မှုများကို ကချင်ပြည်နယ်ရှိမြို့နယ်အချို့တွင် တရားမဝင်တူးဖော်ကာ တရုတ်နိုင်ငံသို့အဓိက တင်ပို့ကြသည်။

မံစီမြို့နယ် ဒိန်ဆိန်းပါဒေသတွင်လည်း မြေရှားသတ္တုတူးဖော်သည့်ကုမ္ပဏီများက မြေများကို စမ်းသပ်မှု ပြုလုပ်မည်ဟုဆိုကာ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ဒိန်ဆိန်းပါကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီးနောက် ဒီဇင်ဘာ ၁၄ ရက်နေ့မှစတင်ကာ ဒေသခံပြည်သူများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။

ထို့နောက် မြေရှားတူးဖော်ရေးကန့်ကွက်ကော်မတီ၊ ဒေသခံပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အကြိမ်ကြိမ်ဆွေးနွေးပြီး ၂၀၂၃ ဧပြီလ ၁၅ ရက်နေ့တွင် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ကြောင်း လူထုအစည်းအဝေးတွင် KIO ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – ဖရဲကျေးရွာ

သင့်ထင်မြင်ချက်ရေးပေးပါ