မင်းဇင်သန့်ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၄၃) မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ဇွန်လ (၉) ရက်နေ့က စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၂၉၇) အကျော်တွင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဝါရာဇွပ်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့နှစ်ယောက်ကိုတော့ မလွတ်ပေးတော့ဘူး ထင်တယ်၊ ဘယ်ရာထူးလဲဆိုတာတော့ အတိအကျ မသိရဘူး။ လမ်းမှာ ဒီအတိုင်းဖမ်းသွားတယ်လို့ သိရတယ်။ တနိုင်းလမ်း ဟိုဖက်အခြမ်းမှာ လမ်းလျှောက်နေရင်း လမ်းပေါ်မှာ ဖမ်းမိတယ်လို့ ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူ အမျိုးသားနှစ်ဦးမှာ ရှဒူးဇွပ်ကျေးရွာနှင့် တိန်ကောက်ကျေးရွာကို ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် ငွေကြေးကောက်ခံနေစဉ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ရှဒူးဇွပ်ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့(ပြည်သူ့စစ်တပ်ဖွဲ့) ကတော့ ခဏခဏဖမ်းတယ်။ အခုရောနှစ်ယောက်ထပ်ဖမ်းထားတယ် လမ်းပေါ် ပိုက်ဆံ ကောက်နေတဲ့အချိန် ဖမ်းခံရတယ်တဲ့။ သူတို့နှစ်ယောက်သိသလို ဆပ်ကြေးကောက်တာထင်တယ်။ အဖွဲ့လိုက်ဆိုရင် အဲ့လိုဖြစ်မှာမဟုတ်ဘူး” ဟုပြောသည်။

ပြီးခဲ့သည့် မေလကလည်း ဆိုင်ကယ် ကယ်ရီသမားလေးဦးနှင့် KIA တပ်ဖွဲ့ဝင်သုံးဦးထက်မနည်းကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ပြည်လည်လွတ်မြောက်လာသူများရှိသော်လည်း အချို့ကိုဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

KIA နှင့် ပတ်သက်ဆက်နွယ်သည်ဟူသောစွပ်စွဲချက်ဖြင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ပြီးခဲ့သည့် ဧပြီလက ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး အချို့ကို ရိုက်နှက်စစ်ဆေးခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့

 

သင့်ထင်မြင်ချက်ရေးပေးပါ