ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (S.R.F) တပ်ဖွဲ့က မင်းကင်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများနေထိုင်သည့် ကျေးရွာကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီးတပ်ဖွဲ့ဝင်လေးဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အင်ကြင်းတောင်ကျေးရွာကို ဇွန်လ ၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ပျူစောထီးတပ်ဖွဲ့ဝင် အမျိုးသားငါးဦးကို ဖမ်းဆီးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မြေပြင်ရှိ PDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အသက်တော်တော်ကြီးပုံပေါက်ပါတယ် ငါးယောက်ပေါ့ ဖမ်းမိပြီးတော့ လက်နက်လည်းရတယ်ပြောတယ်။ သူတို့က(ပျူစောထီး) ဂိတ်ဖွင့်ထားတာ မင်းကင်းအဝင်ဂိတ်ပေါ့။ သူကပြောမယ်ဆိုရင် ဂိတ်ရော၊ ရွာရော တစ်ခါတည်း ဝင်တိုက်တာနဲ့ တူနိုင်တယ်” ဟုပြောသည်။

လက်ရှိအဆိုပါကျေးရွာနှင့် မင်းကင်းမြို့အနီးရှိ ကျေးရွာများကို ဖုန်းလိုင်းများဖြတ်တောက်ထားသည်မှာ နှစ်လခန့်ရှိပြီဖြစ်ကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဝင်တိုက်တာကတော့ ကြားမိတယ် အဓိက က ဖုန်းလိုင်းတွေမရတော့ အသေးစိတ်အချက်အလက်က ပြောလို့မရသေးဘူး။ အဲ့ဘက်တစ်ကြောက မြို့နဲ့နီးတယ် မြေပြင်အခြေအနေ အတိအကျမသိနိုင်သေးဘူးဗျ” ဟုပြောသည်။

တိုက်ပွဲမှာ နှစ်နာရီခန့်ကြာမြင့်ပြီး ပျူစောထီးတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ လေးဦးကို အရှင်ဖမ်းမိခဲ့ကြောင်း Student Revolution Force (S.R.F)က ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိထားသူများတွင် အသက် ၆၅ နှစ်ခန့်အရွယ်ရှိ ကံငြိမ်း၊ အသက် ၅၈ နှစ်ခန့်အရွယ်ရှိ ပြည့်သော်၊ အသက် ၅၇ နှစ်ခန့်အရွယ်ရှိ ဦးအေးဆွေနှင့် အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ဦးဝင်းဦးဆိုသူတို့ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပျူစောထီးစခန်းတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်များ

Carbine M-2 သေနတ် တစ်လက်၊ 4.8ပြောင်းချော နှစ်လက်၊ က.ပ.စ ထုတ်ကျည်ထိုး တစ်လက်၊ တူမီး နှစ်လက်၊ 4.8 ကျည် ၆၄တောင့်၊ 0.30ကျည် (၁၁၄) တောင့်နှင့် ဖုန်းသုံးလုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ စနယ်ဗျင်းကျေးရွာအနီးတွင်လည်း ဧပြီ ၅ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – Student Revolution Force (S.R.F)

 

သင့်ထင်မြင်ချက်ရေးပေးပါ