မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် ရဲစခန်းတစ်ခုကို ယနေ့ နံနက် ၆ နာရီခန့်က ကရင်နီပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဘော်လခဲအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.လ.ရ ၄၃၀) အထိုင်ချထားသော တပ်စခန်းသုံးခုနှင့် မယ်စဲ့မြို့မရဲစခန်းတို့ကို တစ်ချိန်တည်းတွင်သွားရောက်တိုက်ခိုက်ခဲ့ရာ တောင်လစခန်းနှင့် မြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC)၏ တာဝန်ရှိသူ ခူညေးရယ်က The 74 Media ကိုပြောသည်။

“တောင်လစခန်းဆိုတာရှိတယ် စကစ(စစ်ကောင်စီ)တွေထိုင်တယ်လေ။ သူတို့အမာခံတပ်စခန်းလို့ ပြောလို့ရတယ်။ မနက်ကထိတော့ လက်နက်ကြီးတွေရတယ်ပြောတယ်။ နှစ်ဖက်အကျအဆုံးကတော့ အတိအကျမသိရသေးဘူး။ မယ်စဲ့ရဲစခန်းက လူသိပ်မရှိဘူးလေ မြို့ဆိုပေမယ့် မြို့အစွန်ဘက်ကျတာပေါ့” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေယာဉ်လေးစီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း မြေပြင်နှင့် နီးစပ်သူ အမျိုးသားတစ်ဦးကပြောသည်။

“ရဲစခန်းသိမ်းခံရတော့ မြို့နဲ့ချောင်းပဲခြားတဲ့နေရာမှာ စစ်ကောင်စီတပ်ရှိတယ်လေ အဲ့ကနေလည်း လက်နက်ကြီးတွေ လှမ်းထုနေတယ်။ နေ့လယ်ကလေယာဉ်ရောလာပစ်သွားတယ်။ ကရင်နီရယ်၊ ကရင်ရယ်၊ ထိုင်းရယ်နယ်စပ်နားလေးက စစ်ကောင်စီစခန်းသိမ်းခံရတာလေ အဲ့မှာလာပစ်သွားတယ်။ ထိခိုက်တာတွေတော့ မကြားဘူး” ဟုပြောသည်။

တောင်လစခန်း၊ မယ်လနွယ်စခန်းနှင့် ဘီပီ ၁၄ စခန်းတို့ကိုလည်း သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တောင်လစခန်းမှ ၁၂၀ မမ လက်နက်ကြီး နှစ်ခုအပါအဝင်နှင့် လက်နက်ငယ် စုစုပေါင်း ၄၀ ထက်မနည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KnMIC) ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ကရင်နီပြည်နယ်နှင့် ထိုင်းနယ်စပ်ရှိ BP 11 စစ်ကောင်စီစခန်းကို ကရင်နီတပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Ma Di

ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ