သုံးဘီးကားနှင့် ဆိုင်ကယ်တစ်စီးတိုက်မှုကြောင့် ယမန်နေ့ည ၉ နာရီခန့်က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

ခေမာသီရိရပ်ကွက်ရှိ တိုင်းကျော်စက်သုံးဆီဆိုင်အရှေ့တွင် အရှေ့မှသွားနေသောသုံးဘီးကားကို အနောက်မှ ဆိုင်ကယ်ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ လည်ပင်းပြတ်ရှ ဒဏ်ရာရရှိခဲ့သည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက The 74 Media ကိုပြောသည်။

“ဖြစ်တာက သုံးဘီးသမားက ဘရိတ်ဆောင့်အုပ်လိုက်တာလားမသိဘူး။ ဆိုင်ကယ်သမားက နောက်ကဝင်တိုက်သွားတာ။ သုံးဘီးသမားကဘာမှမဖြစ်ဘူး ဆိုင်ကယ်သမားက လည်ပင်ပြတ်ရှ၊ ရင်ဘတ်ပွန်းပဲ့၊ ညာဘက်လက်ကောက်နဲ့ ခြေထောက်နှစ်ဖက်လုံး ထိခိုက်ထားတာ။ လျှာလည်းထွက်နေပြီ သတိလည်းမရဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ရမ်ပူရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး လက်ရှိ မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သူကပြောသည်။

သုံးဘီးယာဉ်မောင်းဖြစ်သူကို ယာဉ်ထိန်းရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ဆွမ်ပါရာဘွမ်လမ်းကြီးပေါ်ရှိ ဇေယျာမင်း စက်သုံးဆီဆိုင်အနီးတွင်လည်း ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးမှာ သတိလစ်မေ့မျောခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း

 

သင့်ထင်မြင်ချက်ရေးပေးပါ