စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲပြင်းထန်နေသည့် ဟားခါးမြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားချိန် ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဟားခါးနှင့် ထန်တလန်မြို့နယ်ကြားရှိ လုံခါတောင်အနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း တိုက်ခိုက်ခံရချိန် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု CDF တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒဏ်ရာလည်း အများအပြားရတာလို့ ကြားသိရတယ်။ အဲ့ဒီတိုက်ပွဲမှာ (CNA) ရဲဘော် ကျတာကိုတော့ အတည်ပြုလို့ရတယ်။” ဟုပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် Fifty Two တယ်လီဂရမ်ချန်နယ်တွင် CDF များနေထိုင်သည့် ပွိုင့် – ၂၁၃၇ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီး တိုက်ပွဲတွင် M 22 နှစ်လက်၊ ၁၂ ဗို့သေနတ် တစ်လက်၊ M 4 သေနတ်တစ်လက်၊ ကျည်အိမ် ၁၂ ခုနှင့် ကျည်ဆံ ၂၁၅ တောင့်အစရှိသည့် လက်နက်ခဲယမ်းများအပြင် သစ်လုံးဘန်ကာ ခြောက်လုံး၊ တစ်ယောက်ပစ်ကျင်း ၈ ကျင်း၊ ဆက်သွယ်ရေးမြောင်းတစ်ခုတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေးသားထားသည်။

တိုက်ပွဲတွင် CNA စခန်းတစ်ခုကို စစ်ကောင်စီတပ်က သိမ်းဆည်းရမိသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ကင်းစခန်းမျှသာဖြစ်နိုင်သည်ဟု မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် သီးမစ်ချောင်းအနီးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး မေးမြန်းရန် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို The 74 Media က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

အင်အား ၃၀၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းက တော်လှန်ရေးတပ်ဖွဲ့များ ခြေကုတ်ယူထားသော နေရာများသို့ မေလ ၂၇ ရက်နေ့မှစတင်က စစ်ကြောင်းထိုးလာသဖြင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ကလည်း ချင်ပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် CDF- Zophie တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့သည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သည့် မေလ ၂၉ ရက်နေ့ကလည်း CNA နှင့် CDF တပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးခဲ့သည်။

သတင်း – Nan Non

 

သင့်ထင်မြင်ချက်ရေးပေးပါ