ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို ငါးရက်ဆက်တိုက် လိုက်လံမီးရှို့ဖျက်ဆီးနေသောကြောင့် ဒေသခံပြည်သူ ၃၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ညောင်ပင်ကြီးကျေးရွာအနီးရှိ ရပ်ကွက်များနှင့် ကျေးရွာများကို ဇွန်လ ၉ ရက်နေ့ ညနေပိုင်းမှ စတင်ကာ လိုက်လံမီးရှို့နေကြခြင်းဖြစ်ပြီး နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“စခန်းနားဝဲ၊ ယာ အနီးအနားတစ်ဝိုက်က ပြည်သူ့နေအိမ်တွေကို ငါးရက်ဆက်တိုက်ရှို့ထားတာ။ သူတို့(စစ်ကောင်စီ)က တစ်ရက်တည်း ဆက်တိုက်ရှို့နေတာ မဟုတ်ဘူး။ တစ်ရက်မှာ တစ်လုံးနှစ်လုံး လေးငါးလုံး ရှို့ပြီးတော့မှ ငါးရက်ဆက်တိုက်အတွင်းမှာ အိမ်ခြေ ငါးဆယ်ကျော် ပြောင်သွားတဲ့ အနေအထားဗျ” ဟု သူက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ မုံရွာမြို့မှဝင်ရောက်လာသည့် အင်အား ၁၀၀ ကျော်ခန့်ပါရှိသော စစ်ကြောင်းဖြစ်ပြီး ကျေးရွာအတွင်းမှ ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကာ ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သူကပြောသည်။

ရဲစခန်းပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည့် စခန်းအနီးရှိ လမ်းများနှင့် ကျေးရွာအတွင်းရှိလမ်းများကို ဘူဒိုဇာများဖြင့် လိုက်လံဖျက်ဆီးထားကြောင်း သေမင်းတမန်ပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွာတွေတော်တော်များများ မီးရှို့နေတယ်။ လမ်းတွေကို ဘူဒိုဇာတွေနဲ့ ဖောက်နေတယ်။ သူတို့စခန်းကို အခိုင်အမာပြန်ဆောက်ဖို့ လုပ်နေတယ်ပေါ့ဗျာ ဘယ်သူမှတော့ ကပ်မရသေးဘူး ညောင်ပင်ကြီးကို” ဟုပြောသည်။

နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများနှင့် အနီးအနားရှိကျေးရွာများဖြစ်သည့် အမှတ် ၂ နှင့် ၃ ရပ်ကွက်၊ နင်းတော၊ သိမ်တော်၊ ရွှေအင်းလေး၊ ရွာရှည်၊ ထန်းတောနှင့် ဘုရားသုံးဆူ အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူ သုံးထောင်ခန့်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ထိုထွက်ပြေးတိမ်းရှောင်နေသော ဒေသခံပြည်သူများက နီးစပ်ရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေကြပြီး အစားအသောက်အကူအညီများ လိုအပ်နေကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စုတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၁၃၀၀ ကျော်ရှိပြီး လူဦးရေ ၇၀၀၀ ခန့် နေထိုင်သည်။

သတင်း – Pan Soon
ဓာတ်ပုံ – အညာပစ်တိုင်းထောင်လေးများ လူမှုကွန်ရက်စာမျက်နှ

သင့်ထင်မြင်ချက်ရေးပေးပါ