စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ပြီး နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် စစ်ကိုင်းမြို့နယ် ပဒူကျေးရွာမှ ဒေသခံပြည်သူများ အစားအသောက်နှင့်ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း သိရသည်။

အင်အား ၂၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့်မေလ ၁၉ ရက်နေ့က လက်နက်ကြီးများပစ်ခတ်ကာကျေးရွာအတွင်းဝင်ရောက်မီးရှို့ခဲ့သောကြောင့် အနီးအနားရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကူညီသူနည်းပါးလာသောကြောင့် စားဝတ်နေရေး ခက်ခဲနေခြင်းဖြစ်သည်ဟု အသက် ၄၀ ခန့်အရွယ်ရှိ ပဒူစစ်ရှောင်အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ကပစ္စည်းတွေလည်း ဘာမှယူချိန်မရလိုက်ဘူး။ ပဒူနဲ့အနီးနားမှာရှိတဲ့ကျေးရွာတွေဆီပြေးကြတာ၊ အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ ပြေးကြရတဲ့သူတွေပဲဆိုတော့။ စစတုန်းကတော့ အစားအသောက် ကူညီတဲ့သူတွေရှိတယ် စစ်ရှောင်တာလည်းကြာပြီဆိုတော့ ကူညီတဲ့သူတွေနည်းလာလို့ စားဝတ်နေရေး အခက်ခဲအမျိုးမျိုးရှိလာတာပေါ့” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ရွာကိုမီးမရှို့မီ ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ကုန်စုံဆိုင်များမှ ပစ္စည်းများကိုလည်း စစ်ကားဖြင့် သယ်ယူသွားကြောင်း သူကဆက်ပြောသည်။

“အိမ်ထဲအရင်ဝင်တာ ပြီးမှ သူတို့ယူချင်တာတွေ အကုန်လုံးယူတာ၊ ကုန်စုံဆိုင်တွေမှာလည်း ပစ္စည်းတွေကို သူတို့စီးလာတဲ့ စစ်ကားကြီးတွေနဲ့ သယ်သွားတာ၊ တစ်ခါသယ်ရင် နှစ်စီးလောက်အပြည့် သယ်သွားတာ။ စစ်ကြောင်းထိုးပြီး မြင်သမျှမီးရှို့နေတော့ အလုပ်ရှာရတာလည်းခက်တယ်၊ တချို့မိသားစုတွေဆို လူဦးရေများတော့ အလုပ်လုပ်ပေမဲ့ ဘယ်လိုမှ စားဝတ်နေရေးအဆင်မပြေနိုင်ဘူး” ဟုပြောသည်။

ဒေသခံပြည်သူများက အနီးအနားရှိကျေးရွာများမှ အသိမိတ်ဆွေနေအိမ်များ၊ ယာခင်းတဲများနှင့် ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရပြီး ထိုကျေးရွာများမှသာ စားဝတ်နေရေးအတွက် ကူညီပေးနေကြခြင်းဖြစ်ကြောင်း အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ပဒူကျေးရွာဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းမထိုးတဲ့ကျေးရွာက မရှိသလောက်ဘဲ။ အခုလည်းအဲ့လို အနားကရွာတွေအချင်းချင်းပဲ ကူညီကြတာ၊ ကြာလာတော့သူ့တို့မှာလည်း ကူညီစရာမရှိတော့ဘူး။ သာမန်လက်လုပ်လက်စားတွေက သူတို့မှာရှိတာတွေ ကူညီဖို့မနှမျောဘူး ငွေကြေးချမ်းသာပြီး စီးပွားရေးပဲလုပ်နေတဲ့ မြို့ပေါ်ကလူတွေတော့ ဒုက္ခရောက်နေတဲ့သူတွေကို မကူညီချင်ကြဘူး” ဟုပြောသည်။

စစ်ရှောင်ပြည်သူများက ကျေးရွာအတွင် ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် အစားအသောက်၊ အဝတ်အထည်များနှင့် ပိုးသတ်ဆေး၊ ငှက်ဖျားဆေးနှင့် အကိုက်အခဲပျောက်ဆေးများလိုအပ်နေပြီး နေရာထိုင်ခင်းအတွက် မိုးကာများလည်း လိုအပ်နေကြောင်း အသက် ၂၈ နှစ်ခန့် အရွယ် ပဒူကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘာမှအဆင်မပြေဘူး လိုအပ်ချက်တွေလည်း အများကြီးရှိတာပေါ့။ ဒီဘက်ကမြေပြန့်ဆိုတော့ ပိုဆိုးတာပေါ့။ နေအိမ်တွေလည်း အားလုံးမီးရှို့ခံထားရတယ်ဆိုတော့ နေစရာဆိုလို့ မိုးကာ တစ်ချပ်လောက်ပဲရှိတော့တာ။ အခုချိန်ရာသီဥတုလည်း ပုံမှန်မဟုတ်ဘူး နေပူလိုက်မိုးရွာလိုက်ဆိုတော့” ဟုပြောသည်။

ပဒူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံပြည်သူ တစ်သောင်းခန့်ရှိပြီး လှုပ်ရှားသွားလာရန် ခက်ခဲသည့် သက်ကြီးရွယ်အိုများလည်း ပါဝင်နေကြောင်း သိရသည်။

ပဒူကျေးရွာပါဝင်သော စစ်ကိုင်းမြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော်ခန့်နေထိုင်သည့် ဒေသဖြစ်သည်။

သတင်း – Dureng

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ