ကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် ယနေ့နံနက် ၆ နာရီခန့်က မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တပ်ကုန်းစံပြ နှစ်ခြင်းဘုရားကျောင်းအနီးတွင် အရှေ့မှသွားနေသောဆိုင်ကယ်ကို အိမ်စီးကားက အရှိန်ဖြင့် ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်မောင်းနှင်သူ နဖူးကွဲဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားမြို့၏ အသင်းတာဝန်ခံက The 74 Media ကိုပြောသည်။

“ကားသမားကအရှိန်ပြင်းပြီး ဝင်တိုက်တယ်လို့ပြောကြတယ်။ အရက်လည်းမူးနေတယ်လို့ကြားတယ်။ ဆိုင်ကယ်သမားက ကျိုးတာပဲ့တာတော့မရှိပေမဲ့ နဖူးကွဲရှပြီး ခြေထောင့်တွေမှာလည်း အနည်းငယ်တော့ ထိခိုက်ထားတယ်။ လူနာကနိုးလာတဲ့အချိန် ခါးလည်းအရမ်းနာနေတယ်လို့တော့ပြောတယ်။ အတွင်းကြေ ဘာညာတော့ဖြစ်မလားမသိဘူး” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၁၀ နှစ်ကျော်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးဖြစ်ပြီး လက်ရှိ မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ကားမောင်းသူကိုလည်း ယာဉ်ထိန်းရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ တိုင်းကျော်စက်သုံးဆီဆိုင်အရှေ့တွင်လည်း ဇွန်လ ၁၂ ရက်နေ့ညက သုံးဘီးကားနှင့် ဆိုင်ကယ်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ လည်ပင်းပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ပွန်းပဲ့၊ ညာဘက်လက်ကောက်နဲ့ ခြေထောက်နှစ်ဖက်လုံးတို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – HN

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ ကချင်ပြည်နယ်/ မြစ်ကြီးနား

 

သင့်ထင်မြင်ချက်ရေးပေးပါ