တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကလေးမြို့နယ်မြောက်ပိုင်းသို့ ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှုခင်းသာကျေးရွာအနီးကို Mi 35 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးဖြင့် သုံးကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့ရာ လေးဦးထိခိုက်ဒဏ်ရာရရှိပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“အခြေနေကတော့ ဒဏ်ရာကပြင်းထန်တယ် အသက်အန္တရာယ်က အခုလောလောဆယ်တော့ မစိုးရိမ်ရသေးဘူးလို့ ယူဆရဦးမှာပဲ စောင့်ကြည့်ရဦးမှာပေါ့။ အခြေအနေက လောလောဆယ်က လက်နက်ကြီးတွေနဲ့ ထုနေတဲ့အတွက်ကြောင့်မို့ လက်ပံချောင်းရွာက ပြည်သူတစ်ယောက် ခြေထောက်ထိပ်ပြတ်သွားတယ်” ဟုပြောသည်။

ယခုလက်ရှိအချိန်တွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုလက်နက်ကြီးနဲ့ လှမ်းထုနေတယ်မြောက်ပိုင်းကို အမြှောက်တပ်ကနေ။ မြစိမ်းမြခင်းသာရွာ အရှေ့ဘက် ရှုခင်းသာရွာကို ပစ်သွားတာ ထိခိုက်တာတွေရှိတယ် လေးယောက်လောက်လို့ ကြားတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) အဖွဲ့ဝင် သုံးဦးနှင့် ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမတစ်ဦးတို့ပါဝင်ကြောင်း ကနဦးသိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းတွင် ဧပြီ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူသုံးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ကျေးရွာအုပ်စုပေါင်း ၄၁ ခုရှိပြီး လူဦးရေ သုံးသိန်းကျော်နေထိုင်သည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ