ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာတွင် တည်းခိုခန်းပိုင်ရှင်အမျိုးသမီးတစ်ဦး ယမန်နေ့ညက ဓားပြတိုက်သတ်ဖြတ်ခံရကြောင်း သိရသည်။

ဆိပ်မူကျေးရွာ ရပ်ကွက် (၄) ရှိ သံယောဇဉ်နန်းတော်တည်ခိုခန်းတွင် ဓားပြတိုက်ခံရခြင်းဖြစ်ကာ ငွေသားနှင့် ရွှေများလုယူခံခဲ့ရခြင်းဖြစ်သည်ဟု အသက် ၂၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ညကြီးတိုက်ခံလိုက်ရတာလို့ပြောတယ်။ သွားကြည့်တာ သွေးတွေနဲ့ဗျာ ရက်စက်တယ် သတ်ထားတာ။ ပိုက်ဆံနဲ့ရွှေ ပြီးတော့ကားကအစ အကုန်သယ်သွားပေးကြတယ်” ဟုသူကပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၅၅ နှစ်ခန့်အရွယ်ရှိ ဒေါ်သီတာဆိုသူဖြစ်ပြီး ဓါးထိုးသွင်းဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ဆိပ်မူကျေးရွာမှ လူမှူကူညီရေးအဖွဲ့ဝင်တစ်ဦကပြောသည်။

“ဓားဒဏ်ရာတွေများတယ်။ သွေးတွေလည်းအထွက်လွန်နေတော့ အဲ့နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်ခဲ့သူမိသားစုဝင်တွေအတွက်တော့ စိတ်မကောင်းဖြစ်ရတယ်” ဟုသူကပြောသည်။

ဓားပြတိုက်ကာ လူသတ်မှုကျူးလွန်ခဲ့သည့်အဖွဲ့ကို အမြန်ဆုံးဖမ်းဆီးနိုင်ရန် ရပ်မိရပ်ဖများက ကြိုးစားပြင်ဆင်နေကြောင်း သူကပြောသည်။

ပြစ်မှုကျူးလွန်သူများက နေအိမ်ရှိ မီးခံသေတ္တာမှ ပစ္စည်းများကို ယူဆောင်သွားပြီး လင်ခရူဇာအမျိုးအစား ကားတစ်စီးကိုလည်း ယူဆောင်သွားကြောင်းသိရသည်။

The 74 Media က ရရှိထားသော ဓာတ်ပုံများအရ သေဆုံးသူမှာ လည်ပင်းညာဘက်အခြမ်းတွင် ပြတ်ရှဒဏ်ရာနှင့် ဂုတ်တွင် ဓားထိုးစိုက်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်သည်။

ဖားကန့်မြို့ ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက်တွင် မေလ ၂၈ ရက်နေ့ကလည်း ကျောက်စိမ်းပြမည်ဟု လိမ်လည်ကာ ကျောက်လုပ်ငန်းရှင်တစ်ဦးကို ဓားတိုများကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးက ဓားပြတိုက်တိုက်ပြီး ရွှေချောင်းနှင့် ကျောက်စိမ်းများယူသွားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်တွင် ဒုစရိုက်မှုများမကြာခဏဖြစ်ပွားနေပြီး မေလ (၁၃) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ ဆီဆိုင်တစ်ဆိုင်အနီးတွင် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးကြိုင်ဆိုသူကို ဖုန်းနှင့် ဆိုင်ကယ်လုယက်ကာ ကျောက်တုံးနှင့်ထုသတ်ထားသည်။

သတင်း – SK
ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ