ကျောက်စိမ်းပြမည်ဟု လိမ်လည်ကာ ကျောက်လုပ်ငန်းရှင်တစ်ဦးကို ဓားပြတိုက်မှုတစ်ခု ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် မေလ ၂၈ ရက်နေ့ည ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဓားတိုများကိုင်ဆောင်ထားသည့် အမျိုးသားခြောက်ဦးက ရှမ်းကုန်းရပ်ကွက်ရှိ ဦးအားတီဆိုသူ၏နေအိမ်ကို ဓားပြတိုက်ကာ ရွှေချောင်းနှင့် ကျောက်စိမ်းများယူသွားသည်ဟု အသက် ၂၁ နှစ်ခန့်အရွယ်ရှိ ရပ်ကွက်နေယောက်ျားလေး တစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့ဘက်ကလမ်းက လူပြတ်တယ် အခုလုပ်သွားတာကလည်း ကျောက်ပြသလိုလို၊ ဘာလိုလိုနဲ့ ဝင်ပြီးလုပ်သွားတာ။ လူငယ်ပိုင်းလေးတွေ ဖုံကာတွေနဲ့မျက်နှာအုပ်ထားတယ်လို့ပြောတယ်” ဟုပြောသည်။

ဓားပြမှုကျူးလွန်သူများမှာ ဓားမြောင်ကဲ့သို့သော ဓားတိုများကိုင်ဆောင်ထားပြီး ပုဆိုးနှင့် ဘောလုံးဘောင်းဘီများ ဝတ်ဆင်လာသည့် အသက် ၃၀ ကျော် ၄၀ ခန့်အရွယ်ရှိ အမျိုးသားများဖြစ်ကာ လမ်းလျှောက်လာကြခြင်းဖြစ်သည်ဟု သိရသည်။

ဖားကန့်မြို့ရှိ ကျောက်စိမ်းလုပ်ငန်းရှင်များကို သတိထားစေလိုပြီးနှင့် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းမိစေလိုကြောင်း ဓားပြတိုက်ခံခဲ့ရသည့် မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“လူကြီးတွေကိုတော့ အကုန်အကြောင်းကြားထားပြီးပြီ။ ပါသွားတဲ့တန်ဖိုးမနည်းဘူး ကျောက်တစ်လုံး၊ တစ်လုံး တန်ဖိုးက ရာပိုင်းနဲ့ထောင်ပိုင်းတွေရှိတယ်။ ဒါကြောင့် နီးစပ်ရာလောပမ်းတွေလည်း သတိထားကြပါ။ သူစိမ်းဆိုတာနဲ့ အိမ်ထဲပေးမဝင်မိစေနဲ့” ဟုပြောသည်။

ကျောက်စိမ်း၊ ရွှေချောင်းနှင့် ငွေသားများပါ ယူဆောင်သွားခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားထားကာ ရဲစခန်းသို့တိုက်ကြားထားခြင်းမရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်တွင် ဒုစရိုက်မှုများမကြာခဏဖြစ်ပွားနေပြီး မေလ (၁၃) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ ဆီဆိုင်တစ်ဆိုင်အနီးတွင် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးကြိုင်ဆိုသူကို ဖုန်းနှင့် ဆိုင်ကယ်လုယက်ကာ ကျောက်တုံးနှင့်ထုသတ်ထားသည်။

သတင်း – SK

သင့်ထင်မြင်ချက်ရေးပေးပါ