အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ CDM ဝန်ထမ်းတစ်ဦးကို မိုးကောင်းမြို့နယ်တရားရုံးတွင် ယနေ့နံနက်ပိုင်းက ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးခံရပြီးနောက် နှစ်လနီးပါးအကြာတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပထမတုန်းက ကျွန်တော်တို့သိရတာ နောက်ရုံးချိန်းကျမှ အမိန့်ချမယ်လို့ သိထားတာပေါ့။ ဒါပေမယ့် မေ ၂၆ (တတိယမြောက်ရုံးချိန်း) တုန်းကဆို အခုမှလေးရက်ပဲရှိသေးတယ်လေ။ ဒီနေ့ချလိုက်တာပေါ့” ဟုပြောသည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် CDM ဝန်ထမ်း ဒေါ်နေခြည်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်ရှိ နေအိမ်တွင် ဧပြီလ ၇ ရက်နေ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးအောင်ဌေးဦးကို ပုဒ်မ ၅၂ (က) ဖြင့်‌ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ