စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲထားသည့် လုံးခင်းအုပ်စု ဆန်ခါကျေးရွာရှိ ကုမ္ပဏီလုပ်ကွက်ဟောင်း မြေစာပုံတွင် ရေမဆေးရှာဖွေသူနှစ်ဦး ပစ်သတ်ခံထားရပြီး အချို့ဖမ်းဆီးခံထားရကြောင်း သိရသည်။

တောက်ပကြယ်ကုမ္ပဏီ လုပ်ကွက်မြေစာပုံတွင် အင်အား ၁၀၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့ညနေက ဝင်ရောက်လာပြီး ရေမဆေးကျောက်ရှာဖွေနေသူများကို ဖမ်းဆီးခဲ့သည်ဟု ထွက်ပြေးလွတ်မြောက်လာသည့် အသက် ၂၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်ရှာမလို့သွားတာ စစ်သားတွေလိုက်လို့ ထွက်ပြေးခဲ့ရတယ်။ သေနတ်တွေနဲ့ လိုက်ပစ်တာဗျား ကျည်ဆန်တွေဆိုဘေးကနေရှပ်သွားတာ။ နောက်လှည့်ကြည့်တော့ နှစ်ယောက်တော့ မှောက်ရက်ကြီး ကျန်နေခဲ့တာ တွေ့ခဲ့တယ်” ဟုပြောသည်။

မြေစာပုံသို့ စစ်ကြောင်ဝင်ရောက်ချိန် ထွက်ပြေးလွတ်မြောက်ခဲ့သူများရှိသော်လည်း ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

“ကျောက်ရှာခါစပဲရှိသေးတယ်။ စစ်ကြောင်းလာနေပြီး အခြေအနေမကောင်းဘူးဆိုတာနဲ့ ပြေးကြတာ။ ပြေးတဲ့အချိန် သေနတ်သံတွေလည်းကြားတယ်။ ကျွန်တော်တို့တော့လွတ်သွားပေမဲ့ တချို့ ကျင်းထဲထိရောက်နေပြီဖြစ်တဲ့ သူတွေကတော့ဖမ်းခံရတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများတွင် အသက်ကြီးသူများလည်ပါဝင်ပြီး ထွက်ပြေးချိန်က စစ်ကောက်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ကြောင်း ရေမဆေးကျောက်ရှာဖွေသူ အသက် ၂၃ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“အားလုံးကစစ်သားမြင်ပြီဆိုတာနဲ့ ပြေးတော့တာ အဲ့မှာစစ်သားတွေအော်ခဲ့တာကြားတယ် မပြေးနဲ့ ပြေးရင်ပစ်မှာဆိုပြီး မကြာဘူးပစ်တော့တာပဲ မပြေးနိုင်တဲ့သူတွေကတော့ မြေကြီးပေါ်ဝပ်နေကြတာ သေမှာလည်း ကြောက်တာကိုး အသက်ကြီးတဲ့သူတွေ တော်တော်များများပါသွားတယ်” ဟုပြောသည်။

အဆိုပါ လုပ်ကွက်ဟောင်းတွင် လက်ရှိအချိန်ထိ စစ်ကောင်စီစစ်ကြောင်းက တပ်စွဲထားဆဲဖြစ်ပြီး ပစ်သတ်ခံခဲ့ရသူများ၏ ရုပ်အလောင်းကို ရယူနိုင်ခြင်းမရှိသေးကြောင်း ကုမ္ပဏီနှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အခုထိမထွက်သေးဘူး ရေမဆေး ၅၀ ကျော်နဲ့ စက်ကြီးမောင်းတဲ့သူတွေကို ဖမ်းထားတယ်။ သုံးယောက်ပစ်သတ်ခံထားရတယ်ပြောတယ် အလောင်းကထုတ်လို့မရသေးဘူး” ဟုပြောသည်။

မှော်ဝမ်းကြီးရပ်ကွက်ရှိ ကျော်နိုင်နှင့်ညီများကုမ္ပဏီဝင်းကိုလည်း မေလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲခဲ့ပြီး ကုမ္ပဏီဝန်ထမ်း ၅၀ ဦးထက်မနည်းကို စစ်ကြောင်းနဲ့အတူ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်ရှိကျေးရွာများ၊ ကျောက်စိမ်းလုပ်ကွက်များနှင့် တည်းခိုခန်းများတွင် ဝင်ရောက်စီးနင်းလေ့ရှိပြီး မေလ ၂၇ ရက်နေ့ကလည်း မော်မောင်းလယန်အုပ်စု ဘလခရပ်ကွက်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုမှ ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

အင်အား ၃၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့က လုံးခင်းကျေးရွာရှိ ဥရုဆိုင်းတည်းခိုခန်းကို မေလ ၂၅ ရက်နေ့နံနက်က ဝင်ရောက်စီးနင်းချိန် အမျိုးသားငါးဦးထက်မနည်းကို ဖမ်းဆီးခံခဲ့ရပြီး လေးဦး လွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်သည်။

သတင်း – SK

ဓါတ်ပုံ – ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်မြေစာပုံတွင် ကျောက်ရှာနေသည်ကိုမြင်ရပုံ

 

သင့်ထင်မြင်ချက်ရေးပေးပါ