ဝိုင်းမော်မြို့နယ် ခါးရှိးကျေးရွာအနီး ယမန်နေ့ည ၉ နာရီခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားရာ အမျိုသားတစ်ဦး ပေါင်းရိုးကျိုးသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားနှစ်ဦးမောင်းနင်လာသည့် ဆိုင်ကယ်မှာ လမ်းဘေးရှိ လျှပ်စစ်ဓာတ်တိုင်ကို တိုက်မိသဖြင့် ဆိုင်ကယ်မောင်းနင်သူမှာ ဦးခေါင်းနှင့် ပေါင်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အောင်မြေ ၂ ဘက်ကလာတယ်ထင်တယ်။ မောင်းသူပဲ ထိခိုက်ဒဏ်ရာရတာ။ နောက်ကလိုက်စီးသူက ဘာမှမဖြစ်ဘူး။ သူတို့နှစ်ယောက်က နည်းနည်းသောက်ထားတာနဲ့တူတယ်အရက်နံ့ရနေတယ်” ဟုပြောသည်။

ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာနှင့် ဘယ်ဘက်ပေါင်ရိုးကျိုးသည့် ဒဏ်ရာရရှိခဲ့သည့် ကိုစိုင်းအိုက်မိုးဆိုသူကို မြစ်ကြီးနားဆေးရုံကြီးမှတစ်ဆင့် မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သူကပြောသည်။

အသက် ၂၁ နှစ်ခန့်အရွယ်ရှိ ကိုစိုင်းအိုက်မိုးဆိုသူမှာ ဝိုင်းမော်မြို့နယ် သိမ်ကြီးစုကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မေလ ၂၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် ၁၂ ဘီးကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုဖြစ်ခဲ့ရာ ဆိုင်ကယ်မောင်းနင်သူသေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng
ဓါတ်ပုံ – မွန်မြတ်စေတနာ

သင့်ထင်မြင်ချက်ရေးပေးပါ