ရွှေကူဒေသခံ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က မေလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၁၂ နာရီခန့်တွင် နေအိမ်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရွှေကူဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“နယ်မြေခံတပ်က စစ်ကားအကြီးတစ်စီးနဲ့ မြို့ထဲပတ်မွှေပြီး ဖမ်းသွားတာလို့သိရပါတယ်။ ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာတော့ခုထိအတည်ပြုလို့ မရသေးဘူး။ အဖမ်းမခံရခင်အချိန်အထိ အဲ့ဆရာမက သူ့အမျိုးတစ်ယောက်ရဲ့ဆေးဆိုင်မှာ ဆေးရောင်းတဲ့အလုပ် လုပ်နေတာလို့ ပြောတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေါ်ခိုင်စိုးဝေဆိုသူမှာ ရွှေကူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရသည်။

ဒေါ်ခိုင်စိုးဝေမှာ CDM ကျောင်းဆရာမဖြစ်သည်ဟု ဒေသခံများကပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလ ၂၇ ရက်နေ့က ရွှေကူမြို့အတွင်း ကားဖြင့်လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လူငယ်အချို့ကိုလည်း ရိုက်နှက်ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ညတုန်းက သားရဲ့သူငယ်ချင်း ကောင်လေးနှစ်ယောက်လုံး ပန့်ဆိုင်(ဆီဆိုင်)မှာ အစစ်ခံလိုက်ရတယ်တဲ့။ သူတို့ကတော့ ဘာမှမဖြစ်သွားဘူး။ ဘေးနားကနှစ်ယောက်၊ သုံးယောက်ကတော့ အရိုက်ခံထားရတယ်လို့ ပြောတယ်။ သွေးတွေကိုထွက်လို့တဲ့” ဟုပြောသည်။

ရွှေကူမြို့နယ် အရှေ့ပိုင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ရွှေကူမြို့ပေါ်ရပ်ကွက်များသို့ ဆက်သွယ်ထားသော လမ်းများတွင်လည်း အဆိုပါနေ့က စစ်ဆေးမှုတင်းကြပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ကလည်း အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၀ ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

သတင်း- Yu San
ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ