စစ်ကောင်စီစစ်ကြောင်းထိုးနေသည့် ဖားကန့်မြို့ မော်မောင်းလယန်အုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်များမှ ရေမဆေးကျောက်ရှာဖွေနေသူ ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မော်မောင်းလယန်ကျေးရွာအုပ်စု ဘလခရပ်ကွက်တွင် ယမန်နေ့ည ၉ နာရီခန့်က သေနတ်များပစ်ဖောက်ကာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျည်ဆံတွေ အကတ်လိုက်ကိုဆွဲတာ အစကတော့ စစ်ကြောင်းဝင်မယ်ဆိုပြီးပြောသံတွေကြားတယ်။ ကျွန်တော့်အထင်က လုပ်ကွက်လည်းလုပ်နေတာဆိုတော့ မလာလောက်ဘူးထင်ပြီးသွားတာ အခုတော့ သေနတ်တွေနဲ့ပါ ပစ်လို့ပြေးခဲ့ရတယ်။ ဖမ်းခံရတဲ့သူတွေလည်းရှိတယ်” ဟုသူကပြောသည်။

မှော်စီစာကျေးရွာတွင်လည်း ယမန်နေ့ညက စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျောက်စိမ်းလုပ်ကွက်များ နားခဲ့ရသည်ဟု အသက် ၅၆ နှစ်ခန့်အရွယ်ရှိ လုပ်ကွက်ဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီစစ်ကြောင်း) လာနေပြီဆိုပြီး ဖုန်းဆက်ခဲ့တယ်တဲ့ လုပ်ကွက်ရဲ့ တာဝန်ရှိသူတွေကိုလေ အောက်မှော်တွေကတော့ သေနတ်နဲ့ပါလိုက်ပစ်နေတယ်လို့ ကြားတယ်။ သူတို့လာတယ်ဆိုတော့ အလုပ်တော့ နားထားပေးရတာပေါ့” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသူများကို စစ်ကောင်စီစစ်ကြောင်းက မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဒေသခံများက ပြောသည်။

အင်အား ၃၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့က လုံးခင်းကျေးရွာရှိ ဥရုဆိုင်းတည်းခိုခန်းကို မေလ ၂၅ ရက်နေ့နံနက်က ဝင်ရောက်စီးနင်းပြီး အမျိုးသားငါးဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်တွင်လည်း မေလ ၂၄ ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့ အုပ်ချုပ်ရေးအရာရှိတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဝင်ရောက်စီးနင်းပြီး မိသားစုဝင်များနှင့်အတူဖမ်းဆီးသွားခဲ့သည်။

ဖားကန့်မြို့ နန့်တိန်ကျေးရွာတွင်လည်း မေလ ၁၆ ရက်နေ့က ဒေသခံပြည်သူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားခဲ့သည်။

သတင်း – SK

 

သင့်ထင်မြင်ချက်ရေးပေးပါ