ကချင်ပြည်နယ်ရှိမြို့နယ်အချို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက PDF များ လက်နက်အပ်ရန်ဖိတ်ခေါ်သည့် ဝါဒဖြန့်စာများ လိုက်လံကပ်နေကြောင်း ဒေသခံများထံက သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) များကို လက်နက်အပ်ရန်နှင့် ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းဟု ရေးသားထားသော ဗီနိုင်းများကို ပူတာအိုမြို့နှင့် မချမ်းဘော့မြို့တို့တွင် လိုက်လံစိုက်ထူထားကြောင်းသိရသည်။

ပူတာအိုမြို့အတွင်း လူစည်ကားသည့်နေရာများဖြစ်သည့် မြို့မဈေးနှင့် ခမ်းစုကိုဟိုတယ်လမ်းတောင့်တို့တွင် ယနေ့နံနက်က စိုက်ထူခဲ့ခြင်းဖြစ်ပြီး ဗီနိုင်းတွင်ပါရှိသောစာများသည် PDF များကိုဖမ်းဆီးရန်အတွက် လှည့်ကွက်ဖြစ်နိုင်သည်ဟု ပူတာအိုမြို့မရပ်ကွက်နေ အသက် ၂၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်သူတွေက လာကပ်သွားတယ်ဆိုတာတော့ အတိကျတော့မသိဘူး။ စစ်ကောင်စီတွေက နေ့စားခပေးပြီး လိုက်ကပ်ခိုင်းတယ်လို့တော့ထင်တယ်။ သူတို့ပြောတဲ့ဥပဒေက ခဏခဏပြောင်းလဲနေတော့ PDF တွေကိုဖမ်းချင်လို့ လှည့်ကွက်သုံးတယ်လို့ ထင်တယ်။ PDF တွေကလည်း အဲ့လိုပြန်ဝင်ဖို့ စိတ်ကူးတောင်ယဉ်မှာမဟုတ်ဘူး” ဟုပြောသည်။

မချမ်းဘော့မြို့မဈေးနှင့် မလိခကြိုးတံတားအနီးတွင်လည်း မေလ ၂၂ ရက်နေ့နံနက်က အဆိုပါဗီနိုင်း လာရောက်ချိတ်ဆွဲထားသော်လည်း PDF များက လက်နက်ချအလင်းဝင်လာခြင်းရှိလာနိုင်မည် မဟုတ်ကြောင်း မချမ်းဘော့မြို့နေ KPF တပ်ဖွဲ့ဝင်တစ်ဦး၏ မိခင်ကပြောသည်။

“သူတို့ပြောတဲ့ ဥပဒေဆိုတာကရောဘာလဲ၊ ဥပဒေတွေကိုလည်း သူတို့ပဲ ဖျက်ဆီးနေတာလေး၊ PDF တွေက အမှန်တရားဘက်ကလူတွေ အစကတည်းက သူတို့ရဲ့ဥပဒေကို မကြိုက်လို့မှတော်လှန်နေကြတာလေး။ သူတို့ကိုလက်နက်တွေအပ်ပြီး အလင်းဝင်ရအောင်လည်း သူတို့ထုတ်ပေးတာမှမဟုတ်တာ။ PDF ဆိုတာလည်း သူတို့ဖွဲ့ခိုင်းလို့ ဖွဲ့ထားတဲ့ အဖွဲ့မှမဟုတ်တာ” ဟုပြောသည်။

မချမ်းဘော့မြို့၊ မလိခကြိုးတံတားတိုင်တွင် ကပ်ထားသောဆိုင်းဘုတ်ကို ကပ်ထားပြီးနာရီဝက်ခန့် အကြာတွင် အမည်မသိ အမျိုးသားနှစ်ဦးက လာရောက်ဆုတ်ဖြဲသွားကြောင်း ဒေသခံများထံမှသိရသည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ရွှေမှော်တည်းခိုးခန်းနှင့် ဧရာဦးကုန်မာဆိုင် အရှေ့ရှိဓာတ်တိုင်များတွင်လည်း လက်နက်အပ်ရန်နှင့် ဥပဒေဘောင်အတွင်းသို့ အလင်းဝင်ရန် ဖိတ်ခေါ်ခြင်းဟု ရေးသားထားသော စာစောင်များကို လိုက်ကပ်ထားကြောင်း လုံးခင်းရပ်ကွက် (၂) နေဒေသခံတစ်ဦးကပြောသည်။

“အရင်ကလည်း တစ်ခါလာကပ်သွားဖူးတယ်။ ဒီနေ့ကတော့ အသစ်တွေထပ်ကပ်သွားပြန်ပြီ စစ်ကောင်စီက နည်းအမျိုးမျိုးနဲ့ဆွဲဆောင်သွားမယ့်သဘောရှိတယ်။ တချို့စာရွက်တွေဆို ပြဲနေကုန်ပြီး ဘယ်ချိန်ကတည်းက လာကပ်သွားမှန်းလဲ မသိရဘူး” ဟုသူကပြောသည်။

ဗီနိုင်းတွင် စစ်အသုံးဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများအတွက် ပစ္စည်းအမျိုးအစားပေါ်မူတည်ကာ ငွေကျပ်နှစ်သိန်းမှ ၇၅ သိန်းအထိ ချီးမြင့်သွားမည်ဖြစ်ကြောင်းပါရှိပြီး ဥပဒေဘောင်အတွင်းဝင်ရောက်ပါက လိုအပ်သည်များကို ကူညီပံ့ပို့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တွေ့ရသည်။

စစ်တပ်ပိုင် မြန်မာ့ရုပ်သံလိုင်းနှင့် မြန်မာ့အလင်းသတင်းစာတွင်လည်း ပြီးခဲ့သည့် မေလ ၉ ရက်နေ့က အဆိုပါအကြောင်းအရာကို ဖော်ပြသွားသည့်အပြင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ရပ်ရွာအချို့တွင် လက်ကမ်းစာဆောင်များဝေခြင်း၊ ဗိနိုင်းချိတ်ဆွဲခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

သတင်း – Dureng, SK

ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ