စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နန့်သာကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသမီးများကို အဓမ္မပြုကျင့်မှုများကျူးလွန်နေပြီး ကျေးရွာမှထွက်ခွာခွင့်မပြုဘဲ ခြိမ်းခြောက်အကြပ်ကိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က နံ့သာကျေးရွာအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ပိတ်မိနေသည့် ဒေသခံများကို စစ်ကောင်စီတပ်က အဓမ္မပြုကျင့်မှုကျူးလွန်ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီထောက်ခံတဲ့သူတွေကျတော့ မတိမ်းရှောင်ကြဘူး။ ရွာမှာကျန်ထားခဲ့တယ်။ ကောင်မလေးတွေက အဲ့ကဗိုလ်ကြီးတွေကို အရက်ငှဲ့ပေးရတယ်။ အရက်ငှဲ့ပေးရင်းနဲ့ မူးလာရင်လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ လုပ်ခံရတာပေါ့” ဟုပြောသည်။

လိင်ပိုင်းဆိုင်ရာစော်ကားခံရသည့် ဖြစ်စဉ်များရှိသည်ဟု ကျေးရွာတွင် ပိတ်မိနေသူများထံမှ ကြားသိရသည်ဟု အောင်းကုန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဘယ်လောက်ရှိပြီလဲလို့မေးတော့ လေးဦး၊ ငါးဦးလောက်ရှိပြီတဲ့ အဓမ္မကျင့်ခံရတာတဲ့။ ဒီနောက်ပိုင်းကျတော့ အသံမထွက်လာတော့ဘူး။ ဘာတွေပြောလို့၊ ဘာတွေလုပ်ထားမှန်းမသိဘူး။ မေးလို့လည်းမရဘူး” ဟုပြောသည်။

စစ်ကောင်စီ၏ အဓမ္မပြုကျင့်ခံရသူများတွင် အိမ်ထောင်ရှင် ကလေးမိခင်များလည်း ပါဝင်ကြောင်းသိရပြီး စစ်ကောင်စီတပ်ဖွဲ့ကို ကြောက်ရွံ့သည့်အတွက် အသက်ပြည့်ခါစ အမျိုးသမီးငယ်အချို့မှာ ခိုးရာလိုက်ပြေးသည့် များပင်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ တိုက်အိမ်များတွင် တပ်စွဲထားပြီး ပိတ်မိနေသည့် ဒေသခံများကို ကျေးရွာမှထွက်ခွာခွင့် မပြုကြောင်းနှင့် ထွက်ပြေးတိမ်းရှောင်သွားသည့် ဒေသခံအိမ်များကိုလည်း မီးရှို့ခြင်းများ လုပ်ဆောင်နေသည်ဟု သူကဆက်ပြောသည်။

“ဆေးဝယ်ပြီးရင် ပြန်လာခဲ့ဆိုတာကို ရွာထဲကတစ်ယောက်ကကြောက်လို့ မပြန်ဘဲနေလိုက်တာ။ မပြန်ဘဲနေလိုက်တော့ သူ့အိမ်ကိုလာပြီးမီးရှို့တာပဲ၊ နောက်တစ်နေ့ဆို။ သူ့တို့ခေါ်တာမလာဘူး၊ သူတို့ကိုအာဏာဖီဆန်တယ်ဆိုပြီး” ဟုပြောသည်။

ကျေးရွာအဝင်အထွက်ကို စစ်ကောင်စီတပ်ဖွဲ့က ထိန်းချုပ်ထားပြီး သတ်မှတ်ထားသည့်အချိန်တွင် ကျေးရွာအတွင်းပြန်လည်မရောက်ရှိပါက ရိုက်နှက်ထိုးကြိတ်ခြင်းများ ခံရကြောင်း စစ်ရှောင်နေရသည့် တုံ့တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာရဲ့အနီးပတ်ဝန်းကျင်ကိုပဲသွားခွင့်ပေးတာ။ မှတ်ပုံတင်ပြပြီးသွားရတာတို့၊ အချိန်မှီမရောက်လာရင် ဒဏ်ပေးခံရတာတို့၊ နေလှမ်းခံရတာတို့၊ ချုပ်နှောင်ခံရတာတို့ အဲ့လိုတွေကြားတယ်” ဟုပြောသည်။

တပ်စွဲထားသည်မှာ နှစ်လခန့်ကြာမြင့်ပြီဖြစ်ပြီး ယင်းကာလအတွင်း ကျေးရွာအနီးဖြတ်သန်းသွားလာသည့် ခရီးသွားငါးဦးထက်မနည်း ပျောက်ဆုံးနေကြောင်းလည်း စစ်ရှောင်ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ကြောင့် နန့်သာကျေးရွာမှ ဒေသခံအချို့နှင့် အင်ပင်၊ အောင်းကုန်း၊ တုံ့တော်၊ တာပေါ၊ မော်တိတ်ကျေးရွာမှ ဒေသခံပြည်သူခြောက်ထောင်ကျော်သည် အခြားကျေးရွာများတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်အုပ်ချုပ်ရေးကြေညာပြီးသည့်နောက်ပိုင်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာပြီး ဖမ်းဆီးထောင်ချခံရသည့် အရပ်သားပြည်သူ အရေအတွက်လည်း ပိုများလာသည်။

သတင်း – Yu San

သင့်ထင်မြင်ချက်ရေးပေးပါ