မချမ်းဘော့မြို့မရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းရှေ့မှ ဖြတ်သန်းသွားလာနေသော ကားများကို တရားမဝင်ငွေကြေး ကောက်ခံနေကြောင်း သိရသည်။

ရဲစခန်းရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးစောင့်ဆိုင်းကာ ကုန်တင်ကားနှင့် ခရီးသည်တင်ကားများကိုပါ ငွေကြေးကောက်ခံနေခြင်းဖြစ်သည်ဟု အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ယာဉ်မောင်းတစ်ဦးက The 74 Media ကိုပြောသည်။

“ဂိတ်ဖြတ်မောင်းရတာမလွယ်ဘူး ကောက်တာကရဲတွေဟုတ်တယ်၊ ပိုက်ဆံမပါလို့ နောက်တစ်ခါမှ ပေးမယ်လို့ပြောလည်း မရဘူး၊ နောက်တစ်ခါက ငါ့အလှည့် မဟုတ်ဘူးတဲ့၊ တစ်ခါတလေက သုံးပွင့်ကပ်တဲ့ကောင်တွေလည်း ကောက်တယ် ပုံစံအမျိုးမျိုးပဲ အခွန်ထည့်ရမယ် ဘာညာစုံနေတာပဲ” ဟုပြောသည်။

စစ်အာဏာသိမ်းချိန်စတင်ကောက်ခံခြင်းဖြစ်ပြီး ကုန်အမျိုးအစားနှင့် မော်တော်ယာဉ်ပေါ်မူတည်ကာ ငွေကျပ်ငါးထောင်မှ ကျပ်သုံးသိန်းအထိ ကောက်ခံလျက်ရှိကြောင်း သူကပြောသည်။

“ရှောင်ကောတင်တဲ့အချိန်ဆို တစ်အိတ်ကို တစ်ထောင်နှုန်းနဲ့ကောက်တာ သုံးသိန်းထိတောင်ကောက်တယ်။ ခရီးသည်တင်တဲ့ကားအသေးတွေဆို ငါးထောင်ကနေ တစ်သိန်းထိကောက်တယ်။ အားလုံးကထည့်ပြီးမှကို သွားကြလို့ အရေးယူတာမျိုးတော့ မရှိသေးဘူး” ဟုပြောသည်။

အဆိုပါမြို့မရဲစခန်းမှာ မချမ်းဘော့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၁၃၇) တပ်နှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိကာ တစ်ခါတရံ လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိပြီး ဖြတ်သွားဖြတ်လာ ကားများကိုလည်း အမြဲသတင်းပို့ခိုင်းကြောင်း အခြားယာဉ်မောင်းတစ်ဦက ပြောသည်။

“တစ်ခါတလေကျတော့ လမ်းတွေပိတ်ထားပြီး စစ်ဆေးတာတွေရှိတယ်။ ကားအသေးပဲမောင်းတာ အများကြီးကောက်တာတော့ မကြုံဖူးဘူး။ အဲ့ဂိတ်ရောက်ရင်တော့ ကားရပ်ပြီး သတင်းပို့ရတာ သတင်းပို့ရင်းနဲ့ ငါးထောင်၊ တစ်သောင်းလောက် ဖုန်းဘေလ်ဖိုး၊ လက်ဖက်ရည်ဖိုးဆိုပြီး ပေးတာ” ဟုပြောသည်။

ထိုလမ်းကို ပူတာအို – ခေါင်းလန်ဖူးသွားရာတွင် အသုံးပြုရပြီး လမ်းတစ်လျှောက်တွင် စစ်ကောင်စီ လက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်များ၏ စစ်ဆေးရေးဂိတ်များဖြစ်သည့် ရီဒမ်းဂိတ်နှင့် မဂွေဇဂိတ်များလည်းရှိကာ ငွေကြေးကောက်ခံခြင်း မရှိကြောင်း ယာဉ်မောင်းများထံက သိရသည်။

မချမ်းဘော့မြို့နယ်သည် ၂၀၁၄ သန်းခေါင်စာရင်းအရ အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး လူဦးရေ နှစ်ထောင်ငါးရာခန့်နေထိုင်ကြောင်းသိရသည်။

သတင်း – Dureng

 

သင့်ထင်မြင်ချက်ရေးပေးပါ