စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ယမန်နေ့က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကျွန်းတောကျေးရွာအနီးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် အင်းတော်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသဖြင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နှစ်ဦး ကျဆုံးခဲ့သည်ဟု PDF နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိုင်းသွားဖြုတ်တဲ့အခါမှာ လေယာဉ်လာတဲ့အခါနဲ့ ကြုံလိုက်လို့ ပါသွားတာလို့ပြောတယ်။ သေနတ်နှစ်လက်ပါသွားတယ်။ အင်းတော် PDF ကနှစ်ယောက်ကျသွားတယ်” ဟုပြောသည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲစဉ် ပေါက်ကွဲသံကြောင့် ကျွန်းတောကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေသည့် အသက် ၉၃ နှစ်ခန့်အရွယ်ရှိ ဒေါ်မိသိန်းဆိုသူ သေဆုံးခဲ့သည်ဟု နတ်မဟုတ်ကြီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဗုံးသံကြောင့်လန့်ပြီး အဖွားအိုတစ်ဦးဆုံးတယ်လို့ပဲ သိထားတယ်။ သူတို့က ဘုန်းကြီးကျောင်းမှာရှောင်နေတာ။ ဗုံးချသွားတာက ဘုန်းကြီးကျောင်းပတ်ဝန်းကျင်ကို” ဟုပြောသည်။

ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး ယမန်နေ့ညက နောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၆ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် အသက် ၃၃ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးပြီး နေအိမ်ခြောက်လုံးပျက်စီးခဲ့ကြောင်း Bamauk Revolution – BR က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့တွင် မေလ ၂၀ ရက်နေ့နောက်ပိုင်းမှစပြီး တိုက်ပွဲများပြန်လည်ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ရွာသာယာကျေးရွာအနီး ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသာယာကျေးရွာ ဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

သတင်း – Yu San
ဓာတ်ပုံ –

သင့်ထင်မြင်ချက်ရေးပေးပါ