အမျိုးသားတစ်ဦး ဓားထိုးသွင်းဒဏ်ရာဖြင့်သေဆုံးနေသည့် ရုပ်အလောင်းတစ်ခု ယနေ့နံနက် ၆ နာရီခန့်က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ရမ်ပူရပ်ကွက် လမ်းသွယ် ၂၅ တွင် ခါးနှင့် ဝမ်းဗိုက်တို့တွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မျိုးဆက်သစ် လှုမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့ရောက်တော့ ရဲတွေတခြားတာဝန်ရှိသူတွေလည်း စစ်ဆေးစရာရှိတာစစ်ဆေးနေပြီ။ ဖြစ်တာက ညလောက်မှာဖြစ်မယ် ထင်တယ်။ သေဆုံးသူရဲ့ဒဏ်ရာက ခါးနောက်ဘယ်ဘက်ကနေထိုးလိုက်တာ အရှေ့ညာဘက်ပေါက်နေတာ။ တစောင်းထိုးလိုက်တာဟုတ်တယ်။ တခြားဒဏ်ရာကတော့မတွေ့ရဘူး” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ အမျိုးသားဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ် မရသေးကြောင်း သူကပြောသည်။

ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသူနှင့် ပတ်သက်သည့် အချက်အလက်များကို မသိရှိရသေးကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကုန်တင်ကုန်ချစခန်းအနီးတွင်လည်း ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး နားထင်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

သတင်း – Doi Awng
ဓါတ်ပုံ – မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ