စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားဦးလေဆိပ်မှ ထွက်ခွာလာသည့် တိုက်လေယာဉ်တစ်စီးဖြင့် အင်းတော်-ဗန်းမောက်လမ်းပိုင်းရှိ ကျွန်းတောကျေးရွာအနီး ယနေ့နံနက် ၁၀ နာရီတွင်တစ်ကြိမ် မွန်းလွှဲ ၃ နာရီတွင် တစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နတ်မဟုတ်ကြီးကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လူနေအိမ်တွေ အထိအခိုက်ရှိပါတယ်။ ရွာသားတွေကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ရှောင်ခိုင်းထားတာမို့ ရွာသားအထိအခိုက်တော့ သိပ်မရှိနိုင်ပါဘူး။ ဒါပေမဲ့ မရှောင်ဘဲနေတဲ့သူတွေလည်းရှိလို့ အထိအခိုက်ရှိ၊ မရှိကို စုံစမ်းနေတုန်းပါပဲ” ဟုပြောသည်။

လက်ရှိအချိန်တွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ကျေးရွာများကို ဆက်သွယ်ရန်ခက်ခဲနေဆဲဖြစ်ကြောင်း သူက ဆက်ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသည့် အခြေအနေကို The 74 Media က ဆက်လက်စုံစမ်းနေသည်။

လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သည့် ကျွန်းတောကျေးရွာအနီးတွင် ယနေ့နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့ကတော့ မနက်ကတည်းကထိတွေ့ဖြစ်တာ။ သူတို့ဘက်ကအထိနာတယ်ထင်တယ်။ တရစပ်ပဲ လက်နက်ကြီးနဲ့ပစ်နေတာ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးများဖြင့် အချက်နှစ်ဆယ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်သို့ စစ်ကြောင်းထိုးမည့် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၄၁၆)၊ တပ်မ (၇၇) ပူးပေါင်းစစ်ကြောင်းနှင့် ABSDFနှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့တို့ ဗန်းမောက် – အင်းတော်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၃ ရက်နေ့က ရွာသာယာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင်စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ရွာသာယာကျေးရွာဘုန်းကြီးကျောင်း ပျက်စီးခဲ့သည်။

သတင်း – Yu San
ဓာတ်ပုံ – Indaw Revolution IR

သင့်ထင်မြင်ချက်ရေးပေးပါ