လုံးခင်းကျေးရွာရှိ တည်းခိုခန်းတစ်ခုကို ယနေ့နံနက် ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး အမျိုးသားငါးဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အင်အား ၃၀ ကျော်ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့က ဥရုဆိုင်းဧည့်ရိပ်သာအတွင်း ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးမလင်းတလင်းအချိန် နည်းနည်းမှောင်သေးတယ်။ လက်ကိုကြိုးနဲ့တုတ်ပြီးခေါ်သွားတာတွေ့တယ်။ ဖမ်းခံရတဲ့အထဲတော့ ယောက်ျားလေးတွေပဲတွေ့တယ်။ မိန်းကလေးတွေတော့မတွေ့မိဘူး။ မြင်ရသလောက်တော့ ငါးယောက်ထက်တော့ ကျော်မယ်ထင်တယ် ဖမ်းသွားတာကလေ” ဟုပြောသည်။

တည်းခိုခန်းရှိ ဧည့်သည်များကိုလည်း စစ်ဆေးမေးမြန်းပြီး ဖုန်းများကိုလည်းစစ်ဆေးခဲ့သည်ဟု သိရကြောင်း အသက် ၂၄ နှစ်ခန့်အရွယ်ရှိ လုံးခင်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“ညက သူငယ်ချင်းစုံတွဲ အဲ့မှာသွားတည်းတာ၊ သူတို့ပြောပြတာတော့ (KIA)နဲ့ (PDF)တွေကိုလာရှာတာတဲ့။ ပြီးတော့ ဖုန်းတွေလည်းစစ်တယ်။ ဖုန်းထဲမှာမသင်္ကာတာတွေ့ရင် တခါတည်းခေါ်သွားတယ်လို့ပြောတယ်” ဟုပြောသည်။

ယခုကဲ့သို့ ဝင်ရောက်စစ်ဆေးဖမ်းဆီးခြင်းမှာ သတင်းပေးကြောင့်သာဖြစ်နိုင်သည်ဟု အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အရင်က အခုလိုလာစစ်တာမျိုးမလုပ်ဖူးဘူး။ ဒီနေ့မှထူးထူးခြားခြားစစ်နေတာ ဆိုင်ရှေ့ရုတ်ရုတ်သဲသဲနဲ့ဆိုတော့ ဘာဖြစ်တာလဲပေါ့။ တော်တော်ကြာတယ် အထဲမှာစစ်နေတာ။ စုံတွဲတွေအပန်းဖြေတဲ့နေရာအထိ လာစစ်တာတော့ မကောင်းဘူးလေဗျာ” ဟုသူကပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံခဲ့ရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိကြောင်း သူကဆက်ပြောသည်။

ဖမ်းဆီးခံရသူ အရေအတွက်နှင့် မည်သူမည်ဝါဖြစ်သည်ကို The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ဖားကန့်မြို့ နန့်တိန်ကျေးရွာတွင်လည်း မေလ ၁၆ ရက်နေ့က ဒေသခံပြည်သူ ၃၀ ဦးထက်မနည်းကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားခဲ့သည်။

သတင်း – SK
ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ