ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

စီတာပူကုန်တင်ကုန်ချ စခန်းအနီးတွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်သတ်သွားခြင်းဖြစ်သည်ဟု မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“တစ်ချက်တည်း ကပ်ပစ်သွားတာ။ ပတ်ဝန်းကျင်ကလူတွေတောင် သတိမထားမိကြဘူး။ မောင်းနေရင်း အပစ်ခံရတာ” ဟုပြောသည်။

သေဆုံးသူမှာ သက်လတ်ပိုင်းအရွယ် ကချင်အမျိုးသားတစ်ဦးဖြစ်ပြီး နားထင်တွင် ကျည်ထိမှန်သည့်ဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရုပ်အလောင်းသယ်ဆောင်ရာတွင် ပါဝင်ခဲ့သူကပြောသည်။

“ပွဲချင်းပြီးပေါ့။ နားကနေ ပစ်လိုက်တာ။ ထုတ်ချင်းပေါက်ပဲ။ အနီးကပ်အနေအထားမျိုးနဲ့ ပစ်တာ” ဟုပြောသည်။

သေဆုံးသူသည် မြစ်ကြီးနားဒေသခံမဟုတ်ကြောင်း သိရပြီး ၎င်း၏ရုပ်အလောင်းကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းကပြုလုပ်ကြောင်းနှင့် သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို The 74 Media က မသိရှိသေးပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် လုပ်ကြံသတ်ဖြတ်မှုများမကြာခဏဖြစ်ပွားနေကာ ဖားကန့်မြို့တွင် မေလ ၂၂ ရက်နေ့ကလည်း အမျိုးသားတစ်ဦးသေနတ်ပစ်ခတ်ခံခဲ့ရသည်

သတင်း- Yu San

ဓာတ်ပုံ- Myanmar Rescue Team Myitkyina

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *