ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်တွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က အမျိုသားတစ်ဦး သေနတ်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

မျိုးသန့် ဆံပင်ညှပ်ဆိုင်အနီးရှိ ကွမ်းယာဆိုင်ရှေ့တွင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် လူငယ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မှော်ဝမ်းရပ်ကွက်နေ အသက် ၂၈ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်သံကြားလို့ ကြည့်မိလိုက်တာ လူတစ်ယောက်မြေပေါ်လှဲကျနေပြီ။ ကွမ်းရွက်ကုန်လို့ လာဝယ်တာလို့ ပြောတယ်။ လမ်းမှာကားတွေ ဆိုင်ကယ်တွေရှုပ်နေတဲ့အချိန်ပစ်သွားတာ ဆိုင်ကယ်နဲ့ဟုတ်တယ် လူငယ်လေးတွေ” ဟုသူကပြောသည်။

ပစ်ခတ်ခံရသည့် အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးဇော်လွင်ထူးဆိုသူမှာ လည်ပင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိဖားကန့်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သေတော့ မသေသေးဘူး။ လည်ပင်းညာဘက်ကို ကျည်ဆံဖောက်ဝင်သွားတယ် ဟိုဘက်ဒီဘက် ဖောက်ထွက်မသွားဘူး။ အခုဆေးရုံမှာ ခွဲစိတ်ဖို့ပြင်နေတယ်။ အခြေအနေကတော့ စိုးရိမ်ရတယ်။ သူကတော့ ကြုံရာကျပန်းအကုန်လုပ်တယ်။ ရေခဲသေတ္တာတွေ တီဗီတွေပြင်တယ် ဈေးရောင်းတယ်” ဟုပြောသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကို The 74 Media က ဆက်လက်စုံစမ်းနေသည်။

ဖားကန့်တွင် ၂၀၂၃ ခုနှစ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများ၊ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေပြီး မှော်စီစာကျေးရွာအနီးရှိ ဥရုချောင်းတွင် မေလ ၂၁ ရက်နေ့ကလည်း ရေစီးနှင့်အတူ မျောပါလာသည့် ရိုက်နက်နှိပ်စက်ခံထားရသော ပိုင်ရှင်မဲ့အလောင်းတစ်လောင်းကို တွေ့ရှိခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ
One thought on “ဖားကန့်တွင် အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ”

Leave a Reply

Your email address will not be published. Required fields are marked *