ဗန်းမောက်မြို့နယ်အနောက်ပိုင်းတွင် စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ပူးပေါင်းတပ်ဖွဲ့နှင့် ဗန်းမောက်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူများကိုလည်း ရှောင်တိမ်းရန်စာထုတ်ပြန်ထားကြောင်း သိရသည်။

ယနေ့နံနက်ခြောက်နာရီက ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်ကြားရှိ မော်တိတ်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အင်းတော်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သိပ်မကြာလိုက်ဘူး လက်နက်ကြီးနဲ့လှမ်းထုကြတာလောက်ပဲရှိတာ။ ABSDF ကနှစ်ယောက်ထိတယ်။ မစိုးရိမ်ရဘူး” ဟုပြောသည်။

ထို့အပြင် ဗန်းမောက်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့်အတွက် ဒေသခံပြည်သူများကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့မှစပြီး ဆယ်ရက်အတွင်း မြို့အတွင်းမှပြောင်းရွှေ့ကြရန် စာထုတ်ထားသည်ဟု ဗန်းမောက်ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“မြို့ပေါ်ကတော့ ဒီဆယ်ရက်အတွင်း ရှောင်ထားကြပါဆိုလို့ ပြေးတဲ့သူကပြေး၊ ရှောင်တဲ့သူကရှောင် ဖြစ်နေတယ်” ဟုပြောသည်။

ကြောင်လည်ကျေးရွာအနီးတွင် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့မှ စတင်ကာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က နှစ်ရက်အတွင်း လေးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အင်းတော်ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“မြစ်ကြီးနားကလေယာဉ်နဲ့ ဗန်းမောက်နယ်ထဲ လာပစ်သွားတာပဲ။ ဘယ်ရွာတွေအနီးအနားကျတယ် မသိရသေးဘူး။ အဲ့ဘက်တွေက ဆက်သွယ်ရေးအရမ်းခက်ခဲတယ်” ဟုပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုအခြေအနေကို The 74 Media ကဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင်အင်းတော်မြို့နယ်မှ ဗန်းမောက်မြို့နယ်အတွင်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးနေသည့်အတွက်ကြောင့် ဗန်းမောက်- အင်းတော်လမ်းပိုင်းနှင့် ပင်လယ်ဘူး- ဗန်းမောက်လမ်းပိုင်းကို PDF ပူးပေါင်းတပ်ဖွဲ့က ရက်အကန့်အသတ်မရှိ ပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဒုတိယပတ်ကစပြီး ဧပြီလဒုတိယပတ်ထိ စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့နှင့် ဗန်းမောက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တစ်လကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

သတင်း – Yu San

 

သင့်ထင်မြင်ချက်ရေးပေးပါ