မြစ်ဆုံးကျေးရွာရှိ ကျိန်ခရန်ခတံတားအနီး ယနေ့နံနက် ၁၀ နာရီခန့်က ဖြတ်သွားဖြတ်လာ ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တင်းကြပ်စွာစစ်ဆေးမှုပြုလုပ်ခဲ့ပြီး ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။
မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ တန်ဖရဲကျေးရွာတွင် တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု တန်ဖရဲဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဖြတ်သွားဖြတ်လာအကုန်လုံးကို စစ်ဆေးတာ။ မော်တော်၊ ဆိုင်ကယ်အားလုံးကို ဂိတ်မှာစစ်တာတော့ မဟုတ်ဘူး။ လမ်းကရွာထဲမှာဆိုတော့ တံတားနားတွေမှာ စစ်နေတာ။ လမ်းမှာစာတန်းတစ်ခုကိုထောင်ပြီး ဓာတ်ပုံရိုက်ကြတယ် ပြီးရင်အားလုံးကို ရပ်ခိုင်းပြီး စစ်ဆေးရေးစတော့တာ” ဟုပြောသည်။

ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ဘုရားကျောင်းများတွင် နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အပြောင်းအလဲပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအမျိုးသမီး ပြောသည်။

“ဘယ်သွားမလဲ၊ ဘယ်ကပြန်လာသလဲ ပစ္စည်းတွေကြည့်ပေးအဲ့လိုလုပ်တာတဲ့။ ဘုရားကျောင်းမှာနေတာတွေ အခုပြန်ရောက်လာတာတွေနဲ့ဆိုရင် တစ်ရာကျော်နိုင်တယ်။ တပ်သားအရွှေ့အပြောင်း လုပ်နေတာထင်တယ်။ မနေ့ညကရောက်လာတာတဲ့ အဖွဲ့တစ်ခုက” ဟုပြောသည်။

တန်ဖရဲကျေးရွာတွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ရှိအချိန်ထိ နေရာယူထားဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

လမ်းသွားလမ်းလာပြည်သူများကို မကြာခဏ တင်းကြပ်စွာစစ်ဆေးလေ့ရှိသော မြစ်ကြီးနား – ဆွမ်ပရာ လမ်းမပေါ်ရှိ အမှတ် ၃ ပ.လ.န နယ်မြေရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်လည်း KIA တပ်ဖွဲ့က သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ