ရေစီးနှင့်အတူ မျောပါလာသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းတစ်လောင်း ယနေ့ မွန်းလွှဲ (၃) နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းအုပ်စု မှော်စီစာကျေးရွာရှိ ဥရုချောင်းအတွင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အဝတ်ဗလာဖြင့် ရင်ဘတ်နှင့်ကျောတို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မှော်စီစာဒေသခံ အသက် (၃၁) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဝတ်ဗလာကြီးနဲ့မျောလာတာ အသက်တော့ ကြီးနေပြီး (၅၀) ကျော်လောက်ပြီနေမှာ ဘယ်လိုသေပြီးမျောလာခဲ့တာလဲဆိုတာ မသိရသေးဘူး” ဟုပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ပိုင်ရှင်မဲ့အလောင်းအဖြစ် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သင်္ဂဟလူမှုကူညီရေးအသင်းနှင့် နီးစပ်သူ အသက် (၄၅) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကပြောသည်။

“အခု သေတဲ့သူက သတ်ခံရတာလား။ ဘာကြောင့်သေတာလဲ မသဲကွဲသေးဘူး။ သတ်ခံရတယ်ဆိုလည်း ဒဏ်ရာ ကြီးကြီးမားမားတွေ့ရမယ်လေး အဲလိုလည်း မတွေ့ရပြန်ဘူး။ ဆေးသမား ရှော့ဖြစ်ပြီး သေတာလည်းဖြစ်နိုင်တာပဲ” ဟုသူကပြောသည်။

သေဆုံးသူ၏ အချက်အလက်နှင့် မည်သူမည်ဝါဖြစ်သည်ကို တိတိကျကျမသိရသေးကြောင်း သိရသည်။

ဖားကန့်မြို့ လုံးခင်းအုပ်စု ငိုးပင်းကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင်လည်း မေလ ၁၈ ရက်နေ့ညက ဓားခုတ်လုယက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ဓားဒဏ်ရာရရှိခဲ့သည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ