စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များကြား တစ်ပတ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း ကနီမြို့နယ်‌တောင်ပိုင်းတွင် နှစ်ဖက်အထိအခိုက်အကျအဆုံးများကြောင်း သိရသည်။

မေလ ၁၁ ရက်နေ့စတင်ကာ ယနေ့အထိ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“မင်းမကျေးရွာမှာက ဘုန်းကြီးကျောင်းထဲမှာ စစ်သားအလောင်းတွေ မီးရှို့ထားတာကတစ်ပုံ၊ ပြီးတော့ ပြည်သူ့နေအိမ်ငါးလုံးထဲမှာ စကစ (စစ်ကောင်စီ) အလောင်းတွေ မီးရှို့ထားခဲ့တာ” ဟုပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးခဲ့ပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သေဆုံးခဲ့သည်ဟု သူကပြောသည်။

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိခိုက်ကျဆုံးမှုစာရင်းကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ကနီမြို့နယ် သမင်ခြံရွာ၊ မင်းမရွာနှင့် ချောင်းမရွာတို့ကိုလည်း စစ်ကောင်စီတပ်က မေလ ၁၄ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကလည်း လက်နက်ကြီးပစ်ခတ်ကူခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နမခကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့လှမ်းပစ်ပေးတယ်။ အလုံး ၃၀ လောက်ပစ်တယ်။ ဂျက်ဖိုက်တာတွေနဲ့ လေးလုံးဗုံးကြဲသွားတယ်။ ဟိုးနေ့ကတော့ တိုက်ပွဲလည်းမဖြစ်ဘဲ ချောင်းမရွာကို ဗုံးလာကြဲသွားတာ။ အဲ့တုန်းက အရပ်သားထိခိုက်သေဆုံးမှုတော့ မကြားရသေးဘူး။ ဒါပေမဲ့ စစ်ကြောင်းဝင်ပြီးဖမ်းသွားတာတွေတော့ရှိတယ်” ဟုပြောသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံပြည်သူအရေအတွက်နှင့် မည်သူမည်ဝါဖြစ်သည်ကို The 74 Media က တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်ပွားခဲ့သည့် မင်းမရွာ၊ ဘက္ကန်းတိုင်ရွာ၊ တွင်းကျေးရွာ၊ ချောင်းမရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ကျေးရွာဆယ်ရွာကျော်မှ ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကာကွယ်ရေးတပ်ပေါင်းစုများဖြစ်သည့် ချိုးငှက်ပြောက်ကျားအဖွဲ့၊ သိန်းငှက်ပြောက်ကျားအဖွဲ့၊ ချိုမိုင်မိုင်၊ ချင်းတွင်းဂဠုန်ရာဇာ၊ ဗိုလ်မှုတ်ဆိတ်တပ်ခွဲ၊ Alpha Special Force၊ ချင်းတွင်းတိုက်ဂါး၊ ကျောက်လုံးကြီး KLG တပ်မဟာ၊ Spring Guerrilla Platoon၊ MPDF ကနီတပ်ခွဲ၊ ဗျတ္တညီနောင်၊ Triple Two၊ ယင်းမာပင် PDA၊ နဂါးညီနောင်၊ ပြည်ထောင်စု လွတ်မြောက်ရေးတပ်ဦးနှင့် ဆရာစံတပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိချိန်ထိ ကနီမြို့နယ်တောင်ပိုင်းတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်သည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က ကနီမြို့နယ်၊ မုံရွာ – ယာကြီး- ကလေးဝ ကားလမ်းပေါ်ရှိ မိုင်တိုင် (၄၉) အနီး စစ်ကောင်စီတာဝါတိုင်စခန်းကို ကနီပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့သည်။

သတင်း- Yu San

ဓါတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းမီးရှို့ထားသည့်ပြာပုံနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းနှင့် လူနေအိမ်များကိုတွေ့ရစဉ် (ကျောက်လုံးကြီး KLG တပ်မဟာ)

 

သင့်ထင်မြင်ချက်ရေးပေးပါ