ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ငိုးပင်းကျေးရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ယမန်နေ့ည ၇ နာရီခန့်က ဓားခုတ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆိုင်တွင် အမျိုးသမီးတစ်ဦးတည်းရှိနေချိန် ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဓားဒဏ်ရာ နှစ်ချက်ရရှိကာ သတိလစ်မေ့မြောနေသည်ကို တွေ့ရှိခဲ့သည်ဟု အသက် (၄၃) နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကြည့်ရတာ အချင်းချင်းတွေပဲနေမှာ သူကအိမ်မှာဈေးဆိုင်ဖွင့်ထားတာလေ သူ့မောင်တွေက အပြင်ထွက်ရင် အိမ်မှာကသူတစ်ယောက်ထဲကျန်ခဲ့တာ အဲ့အချိန်ဝင်ပြီး လုတာ ဒဏ်ရာကတော်တော်စိုးရိမ်းရတယ်။ အခန့်မသင့်ရင် အသက်ဆုံးရူံးနိုင်တယ်” ဟုသူကပြောသည်။

ကျူးလွန်ခဲ့သူများမှာ ဆိုင်ရှိငွေများအားလုံးကိုလည်း ယူသွားကြောင်း သိရပြီး မည်သူမည်ဝါဖြစ်သည်ကို ရပ်မိရပ်ဖများက ဆက်လက်စုံစမ်းဖော်ထုတ်သွားမည် အသက် ၃၂ နှစ်ခန့်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လုခံရတာကိုမြင်တဲ့သူလည်း မရှိဘူး။ ဒီကိစ္စကပြီးမှသိရတာကြောင့်မို့ ဘယ်သူလုပ်တာလဲဆိုတာ မသိနိုင်သေးဘူး။ လူနာနေပြန်ကောင်းလာရင်တော့ လုပ်သွားတဲ့သူက ဘယ်လိုပုံစံလဲဆိုတာ မေးကြည့်ရမှာပေါ့။ အဲ့အခါမှ အဖြေကကောင်းကောင်းသိရမှာ” ဟုသူကပြောသည်။

ဒဏ်ရာရရှိခဲ့သူမှာ အသက် ၄၉ နှစ်ခန့်အရွယ်ရှိ မနန်းစိုးဆိုသူဖြစ်ပြီး လက်ရှိ ဖားကန့်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည်။

ပြစ်မှုကျူးလွန်ခဲ့သူများမှာ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်တွင် ဒုစရိုက်မှုများမကြာခဏဖြစ်ပွားနေပြီး မေလ (၁၃) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာရှိ ဆီဆိုင်တစ်ဆိုင်အနီးတွင် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးကြိုင်ဆိုသူကို ဖုန်းနှင့် ဆိုင်ကယ်လုယက်ကာ ကျောက်တုံးနှင့်ထုသတ်ထားသည်။

သတင်း – SK

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ