စစ်ရှောင်နှင့်မီးဘေးသင့်ဒေသခံပြည်သူများ စိုက်ပျိုးထားသည့် နွေသီးနှံစိုက်ခင်းများ ရေလွှမ်းမိုးပြီး ပျက်စီးဆုံးရှုံးခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကူအညီများလိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၁၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ဒီပဲယင်းမြို့နယ်တွင် ရေကြီးရေလျှံပြီး ပဲနှင့်နှမ်းစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဒီပဲယင်းမြို့နယ်မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဘာဆိုဘာမှရယူလိုက်နိုင်ခြင်းမရှိဘဲ အားလုံးပျက်စီးဆုံးရှုံးသွားတာ တန်ဖိုးကလည်း မနည်းဘူး။ ရှိတာလေးနဲ့ တတ်နိုင်သလောက်လေး လုံးပမ်းထားကြတာဆိုတော့လေ မီးဘေးလည်းသင့်ပြီးတဲ့အပြင်ကို အခုလက်ရှိ သီးနှံတွေပါ ပျက်စီးဆုံးရှုံးထားတာဆိုတော့ မိအေးနှစ်ခါနာသလိုဖြစ်သွားတာပေါ့” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းထိုးပြီး ဒေသအတွင်း တိုက်ပွဲများကြောင့် ယမန်နှစ်ကလည်း လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်ခဲ့ဘဲ ယခုနှစ်တွင်လည်း မုန်တိုင်းကြောင့် ထပ်မံအရှုံးပေါ်ခဲ့သဖြင့် ဆက်လက်ရပ်တည်ရန် ခက်ခဲကြောင်း သူကဆက်ပြောသည်။

“ဆုံးရှုံးမှုနှစ်ဆဖြစ်နေတော့ ပြည်သူတွေမှာက နလန်ထူဖို့ထက်ကို ကိုယ့်ပါးစပ်ကိုယ် စားဖို့သောက်ဖို့ နပ်မှန်အောင်ကို တော်တော့်ကိုအဆင်မပြေဘူးဖြစ်နေတယ်။ မီးဘေးသင့်ထားလို့မှ ပြန်အညွှန့်မတက်သေးဘူး။ တစ်ခါရေဘေးကရိုက်ချလိုက်တာ” ဟုပြောသည်။

ပဲတီစိမ်းနှင့် နှမ်းစိုက်ပျိုးရန် တစ်ဧကလျှင်ငွေကျပ်သုံးသိန်းနှင့် ငါးသိန်းအထိ ရင်းနှီးထားရပြီး ရေလွှမ်းမိုးမှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အခြားသီးနှံ ထပ်မံစိုက်ပျိုးရန်လည်း ခက်ခဲနေကြောင်း ဒီပဲယင်းမြို့နယ်အနောက်ပိုင်းမှ တောင်သူတစ်ဦးက ပြောသည်။

“ရှိသမျှကိုထောက်ပံ့ကြေးလေးတွေ တတ်နိုင်သမျှ ဆီ၊ ဆန်၊ ဆားလေးတွေထောက်ပံ့တာလေးတွေ စားသောက်ပြီးတော့ နှမ်းနဲ့ ပဲတီစိမ်းလေးလုပ်လိုက်တာ ဘာမှမရဘူးဆိုတော့ စားဝတ်နေရေးရပ်တည်ဖို့အတွက် တော်တော်လေးကို ခဲခဲယဉ်းယဉ်းဖြစ်သွားတာပေါ့” ဟုပြောသည်။

ပျက်စီးခဲ့ရသည့် စိုက်ခင်းများအတွက် ငွေကြေးချေးငှားကာ လုပ်ကိုင်ခဲ့ရသဖြင့် အကြွေးထပ်တင်မည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်ဟု ဒီပဲယင်းမြို့နယ်မြောက်ပိုင်းမှ တောင်သူတစ်ဦးက ပြောသည်။

“အတိုးနဲ့ယူပြီး သီးနှံပေါ်တော့ပေးရတယ် မှန်မှန်ပေးနိုင်မှသာပဲ။ ဘာတွေခက်ခဲသွားလဲဆိုတော့ ငွေရေးကြေးရေး မပြည့်စုံတဲ့အခါကျတော့ တောင်သူတွေကများသောအားဖြင့် အကြွေးပြီးအကြွေးနဲ့လည်နေရတာပေါ့ဗျာ” ဟုပြောသည်။

မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသည့် စိုက်ပျိုးမြေဧကနှစ်ထောင်ကျော်ရှိပြီး ယခုအခါ မိုးရာသီအတွက် သီးနှံများပြန်လည်စိုက်ပျိုးရန်နှင့် စားနပ်ရိက္ခာအတွက် ကူညီထောက်ပံ့မှုများလိုအပ်နေကြောင်း ဒီပဲယင်းဒေသခံများထံက သိရသည်။

ဒီပဲယင်းနယ်ကဲ့သို့ မုန်တိုင်းဒဏ်ခံရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်မြို့နယ်၊ အရာတော်မြို့နယ်၊ မြောင်မြို့နယ်၊ ခင်ဦးမြို့နယ်၊ ကနီမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ မေလ ၁၇ ရက်နေ့ ထုတ်ပြန်ချက်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ စိုက်ပျိုး‌မြေဧကလေးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

သတင်း – Yu San

ဓာတ်ပုံ- ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ